စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ရင် ဆာကာ နဲ့ စမစ်ရို တို့ကို ရောင်းထုတ်လိုက်သင့်တယ်လို့ ဆိုတဲ့ ပေါလ်မာဆန်

စမစ်ရို နဲ့ ဆာကာ တို့ နှစ်ဦးစလုံးဟာ အာဆင်နယ် အသင်းရဲ့ အနာဂတ် အတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ် ။ ဒါကြောင့် ပေါလ်မာဆန် က သူတို့ နှစ်ဦးကို စာချုပ်သစ် မဖြစ်မနေ ချုပ်ဆိုဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

ဒါပေမယ့်လည်း ပေါလ်မာဆန် က ကစားသမားတွေဘက်က စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်နေရင် ဆာကာ နဲ့ စမစ်ရို တို့ကို ရောင်းထုတ်လိုက်သင့်တယ်လို့ ပြတ်ပြတ်သားသား ပြောကြား သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်း ပရိသတ်တွေရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဘူကာရို ဆာကာ ဟာ ဒီရာသီမှာလည်း ဂန်းနားတို့ အတွက် ၇ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ် ပေးထားပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဆာကာ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့တာ ဖြစ်ပြီး လက်ရှိ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဆာကာ ကို ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖို့ ကြိုးစား နေတယ်လို့ သိရပါတယ် ။

စမစ်ရို ကတော့ အာဆင်နယ် အသင်းရဲ့ ဒီရာသီ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး ၁၀ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်ထားပါတယ် ။ ပေါလ်မာဆန် က Daily Star မှာ ” သူတို့ နှစ်ဦးက အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းဝင်ဖို့အတွက် အရေးပါတဲ့ ကစားသမားတွေပါ ။ ”

” အာဆင်နယ် အနေနဲ့ သူတို့ကို စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေး ပြောဆို သင့်နေပါပြီ ၊ နောက်ထပ် ငါးနှစ်လောက် သက်တမ်းတိုးဖို့ ပေါ့ဗျာ ။ သူတို့ လက်မှတ်ထိုးရင်ထိုး ၊ ဒါမှမဟုတ် စာချုပ်သစ် ချုပ်ဖို့ ဆန္ဒ မရှိရင်တော့ လာမယ့် နွေရာသီမှာတင် ရောင်းထုတ် လိုက်သင့်ပါတယ် ။ ”

” ထပ်ပြီး အချိန်ဆွဲမနေပါနဲ့တော့ ၊ သူတို့ စာချုပ် သက်တမ်း ပြည့်သွားတာကို ထပ်ပြီး စောင့်မနေပါနဲ့တော့ ၊ ပြောင်းရွှေ့ကြေး တစ်ပြားမှ မရလိုက်ဘဲ ထွက်ခွာခွင့် ထပ်မပေးပါနဲ့တော့ ။ သူတို့ကို ခေါ်ချင်နေတဲ့ အသင်းတွေ ရှိနေတုန်း စာချုပ်သစ် ကိစ္စ ဆွေးနွေး ပြောဆို သင့်ပါတယ် ။ ”

” သူတို့ ကို သာ ငါးနှစ် စာချုပ် သက်တမ်းတိုးနိုင်ရင် အာဆင်နယ် ပရိသတ်တွေ သိပ်ဝမ်းသာသွားမှာ ဖြစ်သလို အာဆင်နယ် ရဲ့ အနာဂတ်ကလည်း သေချာသွားမှာပါ ။ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ဆာကာ ရော စမစ်ရို ပါ ဂိုးသွင်း နိုင်ခဲ့ပါတယ် ၊ ကျွန်တော်သာဆို အဲ့ပွဲပြီးကတည်းက သူတို့ အေးဂျင့်ကို ခေါ်ပြီး ဘယ်လောက်လိုချင်လဲ မေးလိုက်မှာပါ ။ ”

” ဒီကလေးတွေကို လစာ အမြောက်အမြား တိုးပေးသင့်ပါတယ် ၊ လစာကြီးကြီးမားမားပေါ့ဗျာ ၊ သူတို့က အာဆင်နယ် အသင်းရဲ့ အနာဂတ်ပါ ၊ သူတို့ကို သိပ်မကြာခင် အချိန်မှာ စာချုပ်သစ် ချုပ်သင့်ပါတယ် ၊ အာဆင်နယ် က အမြဲတမ်း အချိန်ဆွဲ နေခဲ့တာပါ ၊ သူတို့ ထွက်ခွာသွားမှာကို ကျနော် စိုးရိမ်ပါတယ် ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

SM