စမစ်ရို ကို နေရာသစ်မှာ ထားကစားဖို့ ရှိကြောင်းအရိပ်အမြွက် ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လူငယ် ကွင်းလယ်လူ စမစ်ရို ဟာ တောင်ပံ တိုက်စစ် နေရာတွေ အပြင် နံပါတ် ၉ နေရာမှာပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် စမစ်ရို ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် အဓိက အားဖြင့် ကွင်းလယ် တိုက်စစ် နဲ့ ဘယ်တောင်ပံ နေရာတွေမှာ ကစားနေသူ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း စမစ်ရို ဟာ နောက်ပိုင်း ပွဲစဉ်အများစုမှာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာတော့ စမစ်ရို ဟာ ပွဲထွက် ကစားခွင့် ပြန်ရခဲ့ပြီး အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ဘရန့်ဖိုဒ့် နဲ့ ပွဲက သွင်းဂိုး ဟာ စမစ်ရို အတွက် ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ် ။

စမစ်ရို ဟာ အာဆင်နယ် အသင်းရဲ့ ဒီရာသီ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး ဖာဘရီဂက်စ် နောက်ပိုင်း တစ်ရာသီတည်း သွင်းဂိုး ၁၀ ဂိုး သွင်းနိုင်တဲ့ Hale End အကယ်ဒမီထွက် ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

အူဘာမီယန်း ထွက်ခွာသွားပြီးနောက် အာဆင်နယ် အသင်းမှာ တိုက်စစ်မှူး အင်အား နည်းပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရပြီး စီနီယာ တိုက်စစ်မှူး ဆိုလို့ လာကာဇက် နဲ့ အန်ကီးတီးယား တို့ နှစ်ဦးသာ ရှိနေပါတယ် ။

ဒါပေမယ့် လာကာဇက် နဲ့ အန်ကီးတီးယား တို့ နှစ်ဦးစလုံးဟာ သွင်းဂိုးတွေ ရဖို့ ခက်ခဲ ရုန်းကန် နေရပြီး ရာသီကုန်မှာလည်း အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့်သူတွေ ဖြစ်ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာ ထိပ်တန်း တိုက်စစ်မှူး ခေါ်ယူဖို့ ကြိုးပမ်း လုပ်ဆောင်သွားဖွယ် ရှိနေပါတယ် ။

တိုက်စစ်မှူး မခေါ် နိုင်သေးတဲ့ အချိန် အာဆင်နယ် အသင်းရဲ့ တိုက်စစ် ပြဿနာကို စမစ်ရို က ဖြေရှင်း ပေးနိုင်မှာ ဖြစ်ကြောင်း နည်းပြ အာတီတာ က ခုလို ပြောကြား ထားပါတယ် ။

” သူ(စမစ်ရို) က ဘယ်တောင်ပံ နေရာမှာရော ၊ ဘယ်ဘက် ကွင်းလယ် တိုက်စစ် နေရာမှာပါ ကစားနိုင်သူပါ ။ ဒါ့အပြင် နံပါတ် ၉ နေရာမှာလည်း အတော် ကောင်းကောင်း ကစား နိုင်သူ တစ်ဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ နွေရာသီ ပစ်မှတ် တိုက်စစ်မှူးတွေကတော့ အိုင်ဆက် နဲ့ ကယ်ဗက်လီဝန် တို့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SM