ဂျိုတာရဲ့ ဒဏ်ရာ အခြေအနေ နဲ့ အင်တာကို ၂-၀ နဲ့ နိုင်ထားခဲ့ပေမယ့် ဒါဟာ half-time ပဲ ရှိသေးတယ်လို့ သတိပေးလိုက်တဲ့ ကလော့ 

ယာဂန်ကလော့က မနေ့ညက အင်တာမီလန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ (ankle ligament) ရသွားခဲ့တဲ့ ဒီယေဂိုဂျိုတာရဲ့ အခြေအနေကို စစ်ဆေးမှုတွေ လုပ်သွားရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ပေါ်တူဂီစတားဟာ ပထမပိုင်း အပြီးမှာ ဖာမီနိုနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပြီး ကလော့က သူ့အနေနဲ့ ခြေကျင်းဝတ်မှာ နာကျင်နေတဲ့ ဂျိုတာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ယခုလို လူစားလဲခဲ့တာ ဖြစ်တယ်လို့ အတည်ပြုခဲ့ ပါတယ်။ 

ကလော့က “ဂျိုတာ ခြေကျင်းဝတ်ဒဏ်ရာ ရပြီး ထွက်သွားခဲ့တာက လွဲပြီး ကျွန်တော် ကျန်တဲ့ အရာအားလုံးကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ သူရဲ့ အခြေအနေကို အတိအကျ မသိသေးပါဘူး။ သူ ဆက်ကစားနိုင်တာတော့ အမှန်ပါပဲ။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတော့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပထမပိုင်းအပြီမှာ ခြေကျင်းဝတ်က ရောင်လာခဲ့တာကြောင့် ကျွန်တော်တို့ လူစားလဲမှု လုပ်ခဲ့ရတာပါ။ ဒါကလွဲပြီး ကျွန်တော်တို့ဟာ နောက်ထပ် ရင့်ကျက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီအတွက် ပျော်ရွှင်မိပါတယ်။

လက်ရှိအချိန်မှာ ဂျိုတာရဲ့ ဒဏ်ရာ အခြေအနေကို ကျွန်တော် အတိအကျ မသိသေးပါဘူး။ ခုနက ပြောခဲ့သလိုပဲ ခြေကျင်းဝတ်မှာ ရောင်နေတာပါ။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် တက်နိုင်သမျှ အမြန်ဆုံး check လုပ်သွားမှာ ဖြစ်ကာ နောက်ထပ် စစ်ဆေးမှုတွေလည်း ထပ်လုပ်သွားဖို့ လိုပါတယ်။” လို့ ရှင်းပြခဲ့ပါတယ်။

 

လီဗာပူးဟာ ဆန်စီယိုမှာ အင်တာမီလန်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရပြီး အဖွင့်ဂိုးကိုတော့ ဂျိုတာ အစား လူစားဝင်လာခဲ့တဲ့ ဖာမီနိုက ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

 

လူစားလဲမှုတွေ လုပ်ပြီးနောက် ကစားပုံ ပိုကောင်းလာခဲ့တဲ့ လီဗာပူး အတွက် မိုဆာလားက အပိတ်ဂိုးကို သွင်းယူပေးခဲ့ပြီး ပထမအကျော့ အဝေးကွင်းမှာ ၂-၀ ရလဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့ ပါတယ်။

ယာဂန်ကလော့က သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကျေနပ်လျက် ရှိနေပေမယ့် ဒါဟာ half-time ပဲ ရှိသေးတာကြောင့် ဒုတိယအကျော့မှာ သတိကြီးကြီး ထားကစားသွားဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။

ကလော့က “ဒါဟာ အန္တရာယ် ရှိနေသေးတဲ့ အခြေအနေပါ။ ဒါဟာ ပထမပိုင်းပဲ ရှိပါသေးတယ်။ ဒါဟာ ရှုံးထွက်အဆင့်ရဲ့ သဘာဝပါ။ ပြိုင်ဘက်အကြောင်းကိုတော့ အများကြီး လေ့လာနိုင်ခဲ့ပါတယ်။ ပွဲမတိုင်မီ သူတို့နဲ့ မကစားဖူးသေးဘဲ analysis လုပ်ရတာနဲ့ အခုလို ကစားပြီးချိန်မှာ နောက်တစ်ပွဲအတွက် analysis လုပ်ရတာ ကွာခြားသွားပါတယ်။

နှစ်သင်းစလုံး တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်း သိလာခဲ့ပါတယ်။ ဒုတိယအကျော့ဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ အဲဒီပွဲအတွက် အဆင်သင့် ဖြစ်နေရပါမယ်။

 

နှစ်သင်းစလုံးရဲ့ ကစားပုံဟာ မတူညီပေမယ့် သူတို့ဟာ ကောင်းစွာ ကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဟာ half-time ပဲ ရှိသေးတယ်လို့ ကျွန်တော် ပြောတာပါ။

၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကောင်လေးတွေကို ‘အားလုံး ပြီးသွားပြီ။ အေးဆေးပဲ’ လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်တို့ ဒီရလဒ်ကို ခက်ခဲစွာ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီအချိန်မှာ ဘာကြောင့် နောက်တစ်မျိုး တွေးနေရမှာလဲ?” လို့ ဆိုခဲ့ပါတယ်။

 

ဒီပွဲစဉ်က လီဗာပူးရဲ့ ခံစစ် ကစားပုံနဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော် အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီလိုပဲ ကာကွယ်သွားရမှာပါ။ ကျွန်တော်တို့ ဘောလုံးကို စောစောစီးစီး ရယူချင်ပေမယ့်လည်း ဒါဟာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလို အသင်းနဲ့ တွေ့ဆုံးရာမှာ ဒါဟာ တကယ် မဖြစ်နိုင်ပါဘူး။

ဘာလို့လဲဆိုတော့ သူတို့ဟာ ဗဟိုနောက်ခံလူ ၃ ဦးနဲ့ အတူ ကစားကွက်ကို ဖြန့်ထားခဲ့ပါတယ်။ သူတို့ ခံစစ်ကစားသမားတွေကို ဘောလုံးတွေ အများအပြား ပေးခဲ့ကာ အဲဒီကနေ တဆင့် ထောင့်ဖြတ်ဘောတွေနဲ့ ဒမ်းဖရီး ဒါမှမဟုတ် ပါရီဆစ် တို့ဆီကို ဘောလုံးတွေ ပေးပို့ခဲ့ပါတယ်။

ဒါဟာ ကျွန်တော်တို့ကို ခက်ခဲစေခဲ့ပြီး တကယ့်ကို ပြင်းပြတဲ့ ဆန္ဒနဲ့ defend လုပ်ခဲ့ရပါတယ်။ စုစည်းမှုကလည်း အကူအညီ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီပွဲမှာ အရမ်းကောင်းတဲ့ ခံစစ် ကစားပုံကို ပြသခဲ့တယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ ခံစစ်ကို ကောင်းကောင်း မကစားလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲ ဒီလို ပွဲတွေမှာ ဒါဟာ အရမ်းကို အရေးပါလို့ပါ။ ကျွန်တော်တို့ အများကြီး အားထုတ်ကစားခဲ့ရပြီး ဒါဟာ ကောင်းပါတယ်။” လို့ ဆိုခဲ့ပါတယ်။

 

SM