ချဲလ်ဆီးနဲ့ လိဂ်ဖလားဖိုင်နယ်ပွဲစဉ် အတွက် ယာဂန်ကလော့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချီးကျူးလိုက်တဲ့ ဟယ်ရီရက်နက်

ဟယ်ရီရက်နက် မနေ့ညက ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ နံပါတ် ၂ ဂိုးသမား ကွီမင်းကယ်လီဟာကို ယုံကြည်စွာနဲ့ ပွဲထွက်ခွင့်ပေးခဲ့တဲ့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမိတယ်လို့ ပြောသွားပါတယ်။ အလီဆွန်ဟာ ဒီရာသီ ကာရာဘောင်ဖလားမှာ တစ်ပွဲသာ ကစားထားခဲ့ပြီး ယာဂန်ကလော့က သူ့ရဲ့ နံပါတ်တစ် ဂိုးသမားကို ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ၀င်ဘာလေဖိုင်နယ်ရဲ့ အရန်လူစာရင်းမှာသာ ထားခဲ့ပါတယ်။

ဆုဖလားအတွက် အရေးပါလှတဲ့ ပွဲစဉ်မျိုးမှာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားကို အသုံးမပြုခဲ့တဲ့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပွဲမတိုင်မီ လူတော်တော်များများက မေးခွန်းထုတ်ခဲ့ကြပေမယ့်လည်း အိုင်ယာလန် ဂိုးသမားက ပွဲချိန်အတွင်း လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ခဲ့တဲ့ အပြင် ပင်နယ်တီ shoot-out မှာ အဆုံးအဖြတ် ဂိုးကို သွင်းယူကာ ဟီးရိုးဖြစ်ခဲ့ပြီး နည်းပြရဲ့ ယုံကြည်မှုကို ပြန်လည် ပေးဆပ်ခဲ့ပါတယ်။

တော့တင်ဟမ် နဲ့ ပို့စ်မောက် မန်နေဂျာဟောင်း ဖြစ်သူ ဟယ်ရီရက်နက် ကလည်း ဂျာမန် နည်းပြရဲ့ ယခုလို စွန့်စားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချီးကျူး သွားခဲ့ပါတယ်။

ရက်နက်က “ပြိုင်ပွဲတစ်လျှောက်လုံး ပွဲအများစုကို ကစားခဲ့တဲ့ လူငယ် ဂိုးသမားလေး ကွီမင်းကယ်လီဟာကို ဖိုင်နယ် ပွဲစဉ်မှာ ပွဲထွက်စေမယ်လို့ ပြောခဲ့ကာ ယုံကြည်မှုကို ပေးခဲ့တဲ့ ယာဂန်ကလော့ကို ကျွန်တော် လေးစားမိပါတယ်။ တော့တင်ဟမ်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတုန်းကလည်း ကျွန်တော်ဟာ နံပါတ် ၂ ဂိုးသမား ကာလိုကူဒီချီနီကို ဒီလိုမျိုး အသုံးပြုခဲ့ပါတယ်။

ပထမဂိုးသမား ဖြစ်သူ ဘရက်ဖရီဒယ်ကို ကျွန်တော် အရန်ခုံကို ပို့ခဲ့ပါတယ်။ ဒါဟာ ဒီပြိုင်ပွဲ တစ်လျှောက်လုံး ကျွန်တော် လုပ်လာခဲ့တဲ့ အရာပါ။ အကယ်၍ ရလဒ် မကောင်းခဲ့ဘူး ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ဟာ ကိုယ့်ကို ဝေဖန်မှုတွေ အတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားမှာပါ။ ကျွန်တော့်တုန်းကတော့ ပြိုင်ဘက်က အနိုင်ယူသွားခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ကာလိုရဲ့ အမှားကြောင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါဟာ ဝေဖန်မှုတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ စွန့်စားရတဲ့ ဆုံးဖြတ်ချက်ပါ။

ကယ်လီဟာကို ပွဲထွက်စေခဲ့တဲ့ အတွက် ကလော့ဟာ ဒီဖလားကို သိပ်ပြီး မက်မက်မောမော မရှိတာ မဟုတ်ပါဘူး။ သူ ဒီဖလားကို ဘယ်လောက် လိုချင်သလဲ ဆိုတာ ကျွန်တော် သိပါတယ်။ တကယ်တော့ ဒီမန်နေဂျာ နှစ်ဦးစလုံးဟာ ၀င်သမျှ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်တဲ့ မန်နေဂျာတွေ ဖြစ်ပါတယ်။ ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ ထိပ်တန်းအသင်းတွေ သူတို့ရဲ့ အရန်အသင်းနဲ့ ကစားနေတာကို ကျွန်တော် စ်ိတ်ပျက်နေတာ ကြာနေပါပြီ။ ဒါ့ကြောင့် ဒီဖိုင်နယ်မှာ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုခဲ့တဲ့ ဒီမန်နေဂျာ ၂ ဦးကို ချီးကျူးပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM