ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ (၁၁-၁၀) နဲ့ အနိုင်ယူကာ the Reds တို့ ကာရာဘောင်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲစဉ်မှ ထူးထူးခြားခြားပြောစရာများ

၁~စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲ

မိနစ် ၁၂၀ ထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြပေမယ့်လည်း ချဲလ်ဆီးနဲ့ လီဗာပူးတို့ဟာ နောက်ထပ် တစ်ကြိမ် အပြန်အလှန် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး တကယ့် ထိပ်တန်းအဆင့် ဘောလုံးကစားပုံတွေကို ပြသသွားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ မော်ရင်ညို နဲ့ ဘင်နီတက်ဇ် တို့ လက်ထက်မှာကတည်းက ဒီလိုမျိုး အရေးကြီးပွဲစဉ်တွေမှာ တွေ့ဆုံလေ့ ရှိကြပြီး လက်ရှိမှာ ဆိုရင်လည်း ကမ္ဘာ့အကောင်းဆုံး နည်းပြနှစ်ဦး ဖြစ်တဲ့ ယာဂန်ကလော့ နဲ့ သောမတ်တူချယ် တို့ရဲ့ ပြောင်မြောက်တဲ့ နည်းဗျူဟာတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

နည်းပြနှစ်ဦးစလုံးဟာ ကိုယ်ပိုင်ဟန်တွေနဲ့ ဖြစ်ပြီး ကလော့ကတော့ သူ့ရဲ့ အသင်းကို စွန့်စားကစားခိုင်းလေ့ ရှိပါတယ်။ ဒါ့ကြောင့်လည်း ဒီပွဲမှာ နှစ်ဘက်စလုံး တူညီတဲ့ အခွင့်အရေးတွေ ဆိုးရွားတဲ့ လွဲချော်မှုတွေအပြင် VAR ရဲ့ ကြား၀င်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ကြပေမယ့်လည်း Classic final ဖြစ်ခဲ့ပါတယ်။

၂~အလှည့်အပြောင်း ဖြစ်သွားနိုင်တဲ့ margin များ
ပွဲချိန် ၆၇ မိနစ်မှာ မာတစ် အနီးကပ် ခေါင်းတိုက် သွင်းလိုက်ချိန်မှာ လီဗာပူး အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ အတွက် နီးစပ်သွားပြီလို့ အားလုံး ထင်မှတ်ခဲ့ကြကာ ၀င်ဘာလေက လီဗာပူး ပရိတ်သတ်တွေလည်း အပြင်းအထန် အောင်ပွဲခံခဲ့ကြပါတယ်။ replay ပြန်ပြရာမှာလည်း လူတော်တော်များများက တစ်စုံတစ်ရာ အမှားအယွင်း မရှိဘူးလို့ ထင်မှတ်ခဲ့ကြပေမယ့်လည်း VAR ဒိုင်က ဗန်ဒိုက်ရဲ့ လူကျွံ အနေအထားကနေ ရိစ်ဂျိမ်းကို Foul လုပ်ခဲ့မှုကို မြင်တွေ့သွားခဲ့ကာ ဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် လူကာကူ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဆိုရင်လည်း offside ဖြစ်နေခဲ့ပေမယ့်လည်း တကယ့်ကို ပွတ်ကာသီကာ လူကျွံနေခဲ့တာ ဖြစ်ပြီး ဒါတွေဟာ ပွဲအတွင်း ရလဒ်ကို အပြောင်းအလဲတွေ ဖြစ်သွားစေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။

၃~အထူးလက်စွမ်းပြခဲ့ကြတဲ့ ဂိုးသမားများ
ချဲလ်ဆီး ဂိုးသမး မန်ဒီဟာ ဒီပွဲစဉ်မှာ လီဗာပူးရဲ့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ဒီနေ့မှာ သူ့ကို ဘယ်သူမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပေးခဲ့ပါတယ်။ မန်ဒီဟာ ပထမပိုင်းမှာ ကီတာရဲ့ အဝေးကန်ချက်ကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ အပြင် ပြန်ထွက်လာတဲ့ ဘောလုံးကို မာနေးရဲ့ အနီးကပ် ပ်ိတ်သွင်းမှုကိုလည်း မယုံနိုင်လောက်အောင် ကာကွယ်ခဲ့ပါတယ်။ ဒါ့အပြင် လူး၀စ်ဒီယက် ၊ ဗန်ဒိုက် တို့ရဲ့ အားထုတ်မှုတွေကိုလည်း ကမ္ဘာ့အဆင့် ကာကွယ်မှုတွေနဲ့ အတူ ချဲလ်ဆီးကို ပွဲအတွင်းမှာ ဆက်ရှိစေခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ဟီးရိုးဖြစ်ခဲ့တဲ့ ကယ်လီဟာ ဟာဆိုရင်လည်း ပထမပိုင်းမှာ ပူလီဆစ် ပွဲပြီးခါနီးမှာ လူကာကူ တို့ရဲ့ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ အပြင် ချဲလ်ဆီးရဲ့ အခြား အခွင့်အရေးတွေကို ကာကွယ်ပေးခဲ့ပြီး ဒီပွဲစဉ်မှာ အလီဆွန်ကို ကျော်ကာ နေရာပေးခဲ့တဲ့ ကလော့ရဲ့ ယုံကြည်မှုကို ဆုဖလားနဲ့ ပြန်လည် ပေးဆပ်ခဲ့ပါတယ်။ ဒီပွဲစဉ်မတိုင်မီ အယ်လီဆင်ကို ကျော်ကာ ပွဲထွက်ခွင့် ပေးခဲ့တဲ့ ကလော့ရဲ့ ဆုံးဖြတ်ချက်ကို ကာရေဂါက ဝေဖန်ခဲ့ပြီး ပွဲအပြီးမှာတော့ ဒါကို သံသယ ဖြစ်ခဲ့တဲ့ သူ့ကိုယ်သူ တုံးအသူလို့ ပြန်လည် ၀န်ခံသွားခဲ့ပါတယ်။

၄~မောင့်ရဲ့ လွဲချော်မှုများ
ချဲလ်ဆီးဟာ ပထမပိုင်းမှာ အစကောင်းခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ဒုတိယပိုင်း အစနဲ့ နာကျင်အချိန်ပိုတွေမှာ ပြိုင်ဘက်ကို လွှမ်းမိုး ကစားခဲ့ပါတယ်။ မိနစ် ၉၀ အတွင်းမှာ မောင့်ဟာ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပထမအခွင့်အရေးမှာ မောင့်ရဲ့ အဆုံးသတ်မှုဟာ ဂိုးဘေးနားက ကပ်ထွက်သွားခဲ့သလို ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ ဒုတိယအခွင့်အရေး ကလည်း ဂိုးတိုင်ထိထွက် သွားခဲ့ပါတယ်။ ကွင်းဘေးစည်းမှာတော့ သောမတ်တူချယ်ဟာ ဒီလို အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့တဲ့ အတွက် အတော်လေးကို ဒေါသထွက်နေခဲ့ပါတယ်။

၅~တီယာဂိုရဲ့ မျက်ရည်
သွေးပူလေ့ကျင့်ခန်းလုပ်ပြီး tunnel ထဲ၀င်သွားချိန်မှာတော့ တီယာဂိုနဲ့ ပက်သက်တဲ့ သတင်းက ထွက်ပေါ်လာခဲ့ပါတယ်။ စပိန်ကွင်းလယ်လူဟာ လီဗာပူးရဲ့ ကစားဟန်မှာ တကယ့်ကို အရေးပါလှတဲ့ ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တီယာဂိုရဲ့ စွမ်းဆောင်မှုတွေကို ကြည့့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ကစားသမားဘ၀မှာ တီယာဂို အတွက် စိတ်ပျက်စရာကတော့ ဒဏ်ရာ ပြသနာတွေပဲ ဖြစ်ပြီး ဒါတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတာကြောင့် အရှိန်ကောင်းကောင်း မရဘဲ ဖြစ်နေခဲ့ပါတယ်။

လီဗာပူး အတွက် ကတော့ ဒီလို အရေးပါလှတဲ့ လိဂ်ဖလား ဖိုင်နယ်မှာ ပွဲမစတင်မီ တီယာဂိုလို ကစားသမားကို လက်လွှတ်ခဲ့ရပြီး အခြားကွင်းလယ်လူ တစ်ဦးနဲ့ အစားထိုးလိုက်ရတာကတော့ ကောင်းမွန်တဲ့ ပြင်ဆင်မှု မဖြစ်ခဲ့ပါဘူး။ တီယာဂိုဟာ ပွဲစတင်ချိန်မှာ အရန်ခုံမှာ ငိုကြွေးနေခဲ့ပြီး အသင်းဖော် အလီဆွန်က နှစ်သိမ့်ပေးခဲ့ရပါတယ်။ ဒ့ါကြောင့်လည်း လီဗာပူးဟာ အစပိုင်းမှာ ကစားကွက် အထိုင်မကျဖြစ်နေခဲ့ပြီး ဂိုးသမား ကယ်လီဟာက ပူလစ်ဆစ်ရဲ့ ကန်ချက်ကို ကာကွယ်ပေးခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။

၆~တူချယ်ရဲ့ ယုံကြည်မှုကို ရခဲ့တဲ့ ဟားဗက်
ထင်ထားခဲ့တဲ့ အတို်င်းပဲ ဟားဗက်ဟာ ဒီပွဲမှာ လူကာကူကို ကျော်ကာ ပွဲထွက်ခွင့် ရခဲ့ပြီး ဂျာမန် ကစားသမားရဲ့ ရွေ့လျားမှုနဲ့ ဘောလုံးဥာဏ်ရည်တွေဟာ ချဲလ်ဆီးအတွက် အရေးပါခဲ့ပါတယ်။ ဟားဗက်ဟာ သောမတ်တူချယ်ရဲ့ နည်းဗျူဟာမှာ လိုချင်တဲ့ အတိုင်း အံ၀င်ခွင်ကျအောင် ကစားနိုင်ခဲ့ပြီး ပွဲအစပိုင်းမှာ ချဲလ်ဆီးရဲ့ ကောင်းမွန်တဲ့ တိုက်စစ်ဆင်မှုတွေဟာ မောင့် ပူလစ်ဆင် တို့နဲ့အတူ ဟားဗက်ရဲ့ နားလည်မှု ရှိရှိနဲ့ တွဲကစားခဲ့တဲ့ အပေါ် မူတည်ခဲ့ပါတယ်။ ဟားဗက်ဟာ ဒီပွဲမှာ ချဲလ်ဆီး အတွက် ဂိုးသွင်းခဲ့ပေမယ့်လည်း အနည်းငယ်လေး offside ဖြစ်နေခဲ့တာကြောင့်သာ ဟီးရိုး မဖြစ်ခဲ့တာပါ။ လူကာကူ အတွက်ကတော့ နောက်ပွဲတွေမှာလည်း ဟားဗက်ရဲ့ နောက်ကို ရောက်နေဖို့ ရှိနေပါတယ်။

၇~နေရာရဖို့ တိုက်ပွဲ၀င်ရတော့မယ့် မာနေး
လီဗာပူးတို့ ပွဲကို ပြန်လည် အသာစီး ရလာချိန်မှာ ကီတာရဲ့ ကန်ချက်ကို မန်ဒီက ပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာခဲ့တဲ့ ဘောလုံးဟာ မာနေး အတွက် ဂိုးသွင်းနိုင်ဖို့ အတွက် ဘယ်လိုမှ လွဲစရာ မရှိတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက် ရှိခဲ့တဲ့ မာနေးရဲ့ ကန်ချက်ကို မန်ဒီကပဲ ထပ်မံ ကာကွယ်သွားခဲ့ပြီး လီဗာပူး တိုက်စစ်မှုးဟာ မယုံနိုင်လောက်အောင် အခွင့်အရေး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဂျိုတာ ပွဲအစကနေ မကစားနိုင်တာကြောင့် အထောင်တိုက်စစ်မှာ ကစားခဲ့တဲ့ မာနေးဟာ အလက်ဇန်းဒါးအာနိုးရဲ့ အကောင်းဆုံး ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကိုလည်း ဂိုးပေါက်နဲ့ တစ်ခြားစီ ဖြစ်အောင် ခေါင်းတိုက်ခဲ့ပြီး အခွင့်အရေး ဖြုန်းတီးခဲ့ပြန်ပါတယ်။ လူတော်တော်များများ ဂျိုတာရဲ့ မပါ၀င်မှုကို ခံစားခဲ့ကြရပြီး ကစားသမားသစ် ဒီယက် ကလည်း ဘယ်ခြမ်းတိုက်စစ်မှာ အကောင်းဆုံး ပုံစံ ပြသနေတာကြောင့် မာနေး အနေနဲ့ ဖာမီနိုလိုမျိုး အရန်ခုံ မရောက်သွားဖို့ အတွက် အတော်လေး တိုက်ပွဲ၀င်ရတော့မှာပါ။

SM