ချန်ပီယံ တိုက်ပွဲက ဆက်လက်သက်ဝင်နေဆဲလို့ ပြောဖို့ ငြင်းဆန်သွားတဲ့ ကလော့ပ်

လီဗာပူး နည်းပြကြီး ယာဂန် ကလော့ပ် က အီတီဟတ် မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီး က စပါးကို အနိုင်ရသွားတာလို့ ထင်မှတ်မိခဲ့တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

 

ပွဲကျပ် ကာလမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူရင်း လီဗာပူး နဲ့ ချဲဆီး ကို 12 မှတ် အထိ ဖြတ်ပြခဲ့တဲ့ မန်စီးတီး ဟာ အိမ်ကွင်းမှာပဲ စပါးကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ အရှုံးရလာဒ်ကြောင့် မန်စီးတီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စပါးကို နှစ်ကျော့စလုံး ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်သွားခဲ့ ပါတယ်။

ကလော့ပ် ကိုယ်တိုင်ကတော့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းက ရှုံးသွားလို့ အံ့အားသင့်မိခဲ့တဲ့ အကြောင်းကို အခုလို ဖွင့်ဟသွားခဲ့ ပါတယ်။

” 2-1 နဲ့ စပါးက ဦးဆောင်ထားချိန်မှာ ကျနော်က အိမ်ပြန်နေပါပြီ။ အိမ်လဲ ရောက်တော့ ပွဲကို ဆက်ပြီး မကြည့်ဖြစ်ပါဘူး ဘာလို့လဲ ဆိုတော့ ကျနော့် စိတ်ထဲမှာ မန်စီးတီး က သေချာပေါက် ချေပဂိုး သွင်းလိမ့်မယ်လို့ ယုံကြည်ထားတာလေ။ အဲဒီနောက် အပြင်သွားမယ် လုပ်တော့ ကား ဒရိုတ်ဘာ က 2-2 ကနေ 2-3 ဖြစ်သွားကြောင်း စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ ပြောပါတယ်။ ကျနော် ထင်တာက မန်စီးတီး က 3-2 နဲ့ နိုင်သွားတယ်ပေါ့ ၊ အဲဒီ အချိန် သူတို့က မဟုတ်ဘူး စပါးက နိုင်သွားတာလို့ ပြောတော့မှ အံ့အားသင့်သွားမိတာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ဒီပွဲ ရှုံးနိမ့်တာကြောင့် မန်စီးတီး နဲ့ လီဗာပူး တို့ အကြား အမှတ် ကွာဟချက်ဟာ 6 မှတ် အဖြစ် ဆက်လက် ကျန်ရှိခဲ့ပြီး ၊ လီဗာပူး ကသာ လက်ကျန် လိဒ် နဲ့ ပွဲကိုသာ အနိုင်ရမယ် ဆိုရင် 3 မှတ် အကွာထိ ကျဉ်းမြောင်းသွားမှာ ဖြစ်ပါတယ်။

ကလော့ပ် ကိုယ်တိုင်ကတော့ လိဒ် ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံ ကစားပေးရမှာ ဖြစ်သည့်တိုင်အောင် ၊ ချန်ပီယံ တိုက်ပွဲဟာ ဆက်လက် သက်ဝင်နေဆဲ ဖြစ်တယ်လို့ ပြောဆိုဖို့ ငြင်းဆန်သွားခဲ့ ပါတယ်။

” ချန်ပီယံ တိုက်ပွဲ အကြောင်းတွေ ကျနော်ဖြင့် လုံး၀ ခေါင်းထဲ မစဉ်းစားမိပါဘူး ။ ဒါကလဲ ကျနော့် ရဲ့ နည်းပြ သက်တမ်းတစ်လျှောက် သင်ယူခဲ့ဖူးတဲ့ သင်ခန်းစာကြောင့်ပါ။ လောလောဆယ် ကျနော့် စိတ်ထဲမှာ တဒင်္ဂ ဖြစ်မိပေမယ့် ၊ 2-3 ပွဲလောက် စိတ်ကူးနဲ့ ပုံဖော် ကစားကြည့်ဖို့ ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တာပါ။

အခု လိဒ် ယူနိုက်တက် နဲ့ ပွဲကို အနိုင်ရဖို့ အတွက် အစွမ်းကုန် ကြိုးစားရပါမယ် ၊ နော့ဝှစ်ချ် နဲ့ ပွဲတုန်းက အတိုင်းပဲ အာရုံ အပြည့်အ၀ စိုက်ထားရမှာပါ။ ထပ်ပြောရရင် အဲဒီ ပွဲမှာ ကစားသမား စာရင်း အပြောင်းအလဲတွေ လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရင်း က လိဒ် ကြောင့် မဟုတ်သလို ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ကစားရမယ့် အချက်နဲ့လဲ မဆိုင်ပါဘူး။

ပွဲစဉ်တိုင်းက ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလို့ တချို့ ကစားသမားတွေ ခွန်အားပြည့် လန်းဆန်း နေစေဖို့ အတွက် ရည်ရွယ်ပြီးတော့ပဲ အပြောင်းအလဲ လုပ်ခဲ့တာပါ။ ပရီးမီးယားလိဂ် အကြောင်း ခင်ဗျားတို့ သိပြီးသားပါ ၊ ဘယ်တော့မှာ တရားသေကြီး ကြိုပြောထားလို့ မရပါဘူး။

အဲဒီတော့ ခင်ဗျားတို့ ပြောတဲ့ ချန်ပီယံ တိုက်ပွဲ ဆိုတဲ့ အဓိပ္ပါယ်က ကျနော်ကတော့ ဘယ်လို မှတ်ချက်ပေးရမလဲတောင် မသိပါဘူး။ လက်ကျန် ပွဲစဉ်တွေ အားလုံး ကျနော်တို့ အနိုင်ရမယ် ဆိုရင်တော့ ချန်ပီယံ တိုက်ပွဲမျိုးလို့ ခေါင်းစဉ်တပ်လို့ ရပါတယ်။ အဲဒီလို စွမ်းဆောင် မပြနိုင်ပဲနဲ့ ချန်ပီယံ တိုက်ပွဲလို့ သုံးနှုန်းလို့ မဖြစ်ပါဘူး။

ဒီအချိန်မှာ ပရိသတ်တွေက အများကြီး ရင်ခုန် စိတ်လှုပ်ရှားနေတယ် ဆိုတာ ကျနော် ကောင်းကောင်း နားလည်ပါတယ်။ ဒီနေ့မေးခွန်းတွေ အတွက် ကျနော် ကိုယ်တိုင်လဲ သေချာ မပြင်ဆင်ထားတော့ ဘယ်လို ဖြေရမှန်း အတိအကျ မသိပေမယ့် ၊ ချန်ပီယံ တိုက်ပွဲမျိုး မဟုတ်သေးဘူးလို့တော့ ပြောချင်ပါတယ်။

တစ်ချို့ အမြင်မှာ အမှတ်ကွာဟချက် က 3 မှတ်ပဲ ရှိတော့တယ်လို့ သုံးနှုန်းနေကြပေမယ့် ၊ တကယ်က 6 မှတ် နဲ့ လိဒ် ကို ကစားရဦးမှာပါ။ အဲဒီတော့ မကစားရသေးတဲ့ ပွဲက ရမှတ်တွေကို ရေတွက်တာမျိုး လုပ်လို့ မရပါဘူး။ ဒါကို အပိုင်တွက်ထားတယ် ဆိုရင် အဲဒီ လူတွေက ကိုယ်တိုင် ပါဝင်ပြီး မပတ်သက်ရတဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ လိဒ် ယူနိုက်တက်ကို အကြိတ်အနယ် တိုက်ပွဲဝင် ကစားရဦးမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကလော့ပ် ဟာ ကာရာဘောင် ဖလား ဗိုလ်လုပွဲစဉ်မှာ ဂျော်တာ နဲ့ ဖာမီနို တို့ နှစ်ယောက် စလုံး ပါဝင် ကစားနိုင်အောင် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ၊ လက်ရှိ အချိန်ထိ လေ့ကျင့်ခန်းတောင် ပြန်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် နှစ်ယောက် စလုံးဟာ လိဒ် ယူနိုက်တက် နဲ့ ပွဲကို သေချာပေါက် လွဲချော်သွားမှာပါ။

SM