ချန်ပီယံအတွက် မခက်တဲ့ပွဲ ၊ မက်ဒရစ်ကို မပါလာတဲ့ ယူနိုက်တက် တိုက်စစ်မှူး ၊ လိဒ်နဲ့ပွဲကို လွဲမယ့် လီဗာပူးတိုက်စစ်အတွဲ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ မှာတော့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာ အိမ်ကွင်းမှာ ပြင်သစ် ကလပ် လိုင်လီ ကို ၂-၀ နဲ့ အနိုင် ကစားပြီး ကွာတား ဖိုင်နယ် ဘက်ကို ခြေတလှမ်း လှမ်း ထားလိုက် နိုင်ခဲ့ ပါတယ် ။

ချဲလ်ဆီး အတွက် ဂိုးတွေကိုတော့ ပူလီဆစ် နဲ့ ကိုင် ဟာဗက် တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

 

ယူဗင်တပ် ကတော့ ဗီလာရီးရဲ နဲ့ ၁ ဂိုးစီ သရေကျ သွားတာကြောင့် ဒုတိယ အကျော့မှာ အနိုင်ရအောင် ကြိုးစား ရဦးမှာပဲ ဖြစ်ပါတယ် ။

ယူဗင်တပ် အတွက် ဇန်နဝါရီကမှ ရောက်လာတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် က ပွဲအစ ၁ မိနစ် မပြည့်ခင်မှာတင် ဂိုးသွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာ ယူဗင်တပ် ရဲ့ အမေရိကန် ကွင်းလယ်လူ ဝက်စတန် မက်ကိန်း ဒဏ်ရာ ရရှိ သွားခဲ့ပြီး စစ်ဆေးမှု အရ ဘယ်ဘက် ခြေထောက် က ကြွက်သားအရွတ် ၂ ခု စုတ်ပြဲ သွားတယ်လို့ ကြားသိရကာ ကာလ အတန်ကြာ နားရဖို့ ဖြစ်လာခဲ့တယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ မနေ့ညက ပွဲမှာ သူတို့ ရရှိလာတဲ့ ကလပ် ကမ္ဘာ့ဖလား ကို ပရိသတ်တွေ နဲ့ မိတ်ဆက် သွားခဲ့ပြီး ဒဏ်ရာကြောင့် မနေ့ကပွဲမှာ ဝင်မကစားနိုင်ကြတဲ့ ရစ်ဆီဂျိမ်းစ် ၊ ဟတ်ဆန်အိုဒွိုင်း နဲ့ ဘန်ချီဝဲလ် တို့က ကလပ်ကမ္ဘာ့ဖလား ကို ယူဆောင်ပြသ ပေးခဲ့တယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေ ဟာ ပွဲချိန် ၃၁ မိနစ် မှာ မကြာခင်က ကွယ်လွန် သွားခဲ့တဲ့ ၃၁ နှစ် အရွယ် ချဲလ်ဆီး ထာဝရ ပရိသတ် ဂျာမဲ အက်ဒွက် အတွက် ဂုဏ်ပြုမှု ပြုလုပ် ပေးသွားခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး အီဒင်ဆင် ကာဗာနီ ဟာ အက်သလက်တီကို မက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် ပွဲကို လွဲချော်မယ်လို့ နည်းပြ ရန်းနစ် က အတည်ပြုပေး ခဲ့ပြီး ကာဗာနီ ဟာ အသင်းနဲ့ လေ့ကျင့်မှု ပြန်လည် မပြုလုပ် နိုင်သေးဘူးလို့လည်း ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ ကွန်တီ က သူ့ အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို အသင်းမှာ ဆက်နေဖို့ အတွက် တိုက်တွန်း ပြောဆိုဖို့ အချိန် ၃ လ ရှိနေ ပါသေးတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆန်းဒါးလန်း နဲ့ ဘာတန် အသင်းတို့ ကစားတဲ့ လိဂ်ဝမ်း ပွဲစဉ် ဟာ ပရိသတ် တဦး နာဖျားကာ လဲကျ ခဲ့မှုကြောင့် မိနစ် ၅၀ ခန့် ရပ်နားပြီး ဆေးအဖွဲ့ ရဲ့ လုပ်ဆောင်မှုတွေကို စောင့်ဆိုင်း ပေးခဲ့ရတယ်လို့ ကြားသိရ ပါတယ် ။

မန်စီးတီးမှာ ကစားနေတဲ့ ယူကရိန်း လက်ရွေးစင် ကစားသမား ဇင်ချန်ကို ဟာ ဆိုရှယ်မီဒီယာ ထက်မှာ ‘ငါတို့ အရှုံးပေးမှာမဟုတ်ဘူး’ လို့ ရေးသားခဲ့ပြီး ရုရှ နဲ့ ယူကရိန်း တို့ အကြား ဖြစ်ပေါ် နေတဲ့ တင်းမာမှုတွေ ကို ထုတ်ဖော် သွားခဲ့ ပါတယ် ။

လီဗာပူး အသင်းရဲ့ နည်းပြကြီး ဂျာဂင် ကလော့ ကတော့ မန်စီးတီး ကို လိုက်မီဖို့ အတွက် မဖြစ်နိုင်ပါဘူးလို့ ဒီည ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ ပါတယ် ။

လီဗာပူး ဟာ လိဒ်ယူနိုက်တက် နဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲကျန်ကို အနိုင်ရခဲ့ပါက မန်စီးတီး နဲ့ ၃ မှတ်အကွာကို ရောက်ရှိ လာမှာပဲ ဖြစ်ပါတယ် ။

လီဗာပူး တိုက်စစ်မှူး ၂ ဦး ဖြစ်တဲ့ ဒီယေဂို ဂျိုတာ နဲ့ ရော်ဘတ်တို ဖာမီနို တို့ ဟာ ဒီည ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း ကလော့ က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ ဘိုင်ယန်မြုးနစ် တို့ဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ တောက်ပ လာတဲ့ လူငယ် ကစားသမား မစ်ချယ် အိုလိစ် ကို အပြိုင် စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ SONY နဲ့ လက်တွဲ လိုက်ပြီး ပရီးမီးယားလိဂ် အသင်းတွေ ထဲမှာ Virtual World ကို စတင် မိတ်ဆက် အသုံးပြုနိုင်မယ့် အသင်း ဖြစ်လာတော့မယ်လို့ သတင်း ကြားသိရ ပါတယ် ။

အာဆင်နယ် နည်းပြ မီကေး အာတီတာ ဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးလေး ဂျာအို ဖိလစ် ကို စိတ်ဝင်စားမှု ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ် ။

ဗြိတိန် လက်ဝှေ့ အကျော်အမော် တိုင်ဆန်ဖျူရီ က သူ နဲ့ ဒီလီယန် ဝှိုက် တို့ဟာ ဧပြီလ ၂၃ ရက်နေ့မှာ ဝင်ဘာလေ ကွင်းကြီးအတွင်း ထိုးသတ်ပွဲ ပြုလုပ် သွားမယ်လို့ ပရိသတ်တွေကို အသိပေး သွားခဲ့ပါတယ် ။

 

SPORTS MYANMAR