ချန်ပီယံလိဂ်မှာ စံချိန်သစ်တင် ဂိုးပြတ် နိုင်ပွဲ ရခဲ့ပေမယ့် အားရကျေနပ်မှု မရှိသေးတဲ့ ဂွာဒီယိုလာ

စပို့တင်း လစ္စဘွန်း အသင်းကို ငါးဂိုးပြတ် အနိုင်ရပြီး နောက်တစ်ဆင့် တက်ဖို့ သေချာ သလောက် ရှိသွားခဲ့ပေမယ့် ဂွာဒီယိုလာ ကတော့ သူ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အလုံးစုံ ကျေနပ်မှု မရှိသေးကြောင်း ဆိုပါတယ် ။

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပထမအကျော့ ပွဲစဉ်တွင် မန်ချက်စတာ စီးတီး အသင်းဟာ အဝေးကွင်းမှာ ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်း အသင်းကို ငါးဂိုးပြတ် အနိုင် ယူသွားခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ပထမပိုင်းမှာ ဘာနန်ဒိုဆေးလ်ဗား ရဲ့ သွင်းဂိုး နှစ်ဂိုး ၊ မာရက်ဇ် နဲ့ ဖိုဒန် တို့ရဲ့ သွင်းဂိုးတွေနဲ့ လေးဂိုးပြတ် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်သမိုင်းတစ်လျှောက် ပထမပိုင်းအတွင်းမှာတင် လေးဂိုးပြတ် ဦးဆောင်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ စတာလင် က မန်စီးတီး အသင်းအတွက် ပဉ္စမမြောက်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ ပွဲအပြီးမှာတော့ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ ရယူနိုင်တဲ့ အသင်း ၊ ပရီးမီးယားလိဂ် အသင်း ဖြစ်လာခဲ့ပါတယ် ။

မန်စီးတီး အသင်း ဂိုးပြတ် နိုင်ပွဲ ရယူ နိုင်ခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာ ကတော့ သူတို့ အသင်းဟာ ဘောလုံးတွေ အလွယ်တကူ လက်လွှတ် ဆုံးရှုံးနေခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ဒီနေ့ ကစားပုံဟာ ပြီးပြည့်စုံမှု ရှိသလား ဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာ က ” မရှိပါဘူး ။ တစ်ချို့ ကစားသမားတွေက ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်နေ ခဲ့ပါတယ် ၊ ကျွန်တော်တို့ ဘောလုံးတွေ အလွယ်တကူ လက်လွှတ် ဆုံးရှုံး ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး ကစားနိုင်ခဲ့ပါတယ် ။ ”

” ပွဲအစ ငါးမိနစ် ခြောက်မိနစ်မှာ စပို့တင်း အသင်း ဘယ်လောက် ကောင်းသလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ် ။ အသင်း နှစ်သင်းကြားက ကွာခြားချက် က ၅-၀ ဆိုတဲ့ ရလဒ် မဟုတ်ပါဘူး ၊ ကျွန်တော်တို့က သူတို့ထက် စိတ်အေးအေးနဲ့ ကစားနိုင်ခဲ့ပြီး အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ် ။ ”

” ဘောလုံးမှာ စည်းမျဉ်းတစ်ခု ရှိပါတယ် ၊ ဘောလုံးရနေတဲ့ အချိန်မှာ အဆုံးရှုံး ခံလို့ မဖြစ်ပါဘူး ၊ ကျွန်တော်တို့ ရိုးရှင်းတဲ့ ပေးပို့မှုတွေတောင် ကောင်းကောင်း မလုပ်နိုင်ဘဲ ဆုံးရှုံး ခဲ့မှုတွေ ရှိပါတယ် ၊ ဥရောပ က ထိပ်တန်း အသင်းကြီးတွေနဲ့သာဆို ကျွန်တော်တို့ ဒုက္ခရောက်သွားနိုင်ပါတယ် ။ ”

” ဒီနေ့ပွဲက အံ့ဖွယ် ရလဒ် ရခဲ့တဲ့ ပွဲတစ်ပွဲမျှသာပါပဲ ၊ကွာတားဖိုင်နယ် ရောက်ဖို့ ပွဲတစ်ပွဲ ထပ်ကစားရပါဦးမယ် ၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ် ၊ ကျွန်တော် အရမ်းပျော်ပါတယ် ၊ ဒါပေမယ့် ကျွန်တော့်ကို နားလည်မှု မလွဲစေချင်ပါဘူး ၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM