ချန်ပီယံဆုကို ကာကွယ်ဖို့ ကိုယ့်စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက် ထားမှာပါ ၊ အဲဒီလိုမှ မလုပ်နိုင်ရင်လဲ လီဗာပူး ကို Congratulations လုပ်လိုက်ရုံပါပဲ #ပက်ဂွာဒီယိုလာ

ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ 12 ပွဲ အလိုသာ ရောက်ရှိလာချိန်မှာ မန်စီးတီး နဲ့ လီဗာပူး တို့အကြားက အမှတ်ကွာဟချက် ဟာ 3 မှတ် အထိ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ဒါကြောင့် 2018-2019 ဘောလုံးရာသီ တုန်းကလို နောက်ဆုံး အချိန်ထိ အကြိတ်အနယ် တိုက်ပွဲ ဝင်ကြရင်း ၊ အဖြေကြမလား ဆိုတာလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာ ကတော့ သူ့အနေနဲ့ အရှုံးရလာဒ် ကို သဘောမကျပေမယ့် ၊ ဒီရာသီမှာ သူ့ ကစားသမားတွေ ရဲ့ ချန်ပီယံတိုက်ပွဲဝင် စိတ်ဓါတ်ကြောင့် ပိုပြီးတော့ ကျေနပ်မိတယ်လို့ ဆိုလိုက်ပြီး ၊ ဘယ်လို အဆုံးသတ်ရလာဒ်မျိုးတွေ ထွက်ပေါ်လာပါစေ သူ့ရဲ့ ကစားသမားတွေ အပေါ် ထားတဲ့ အမြင်ကို ပြောင်းလဲပစ်မှာ မဟုတ်တဲ့ အကြောင်း အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော့် ကစားသမားတွေ နဲ့ အစည်းအဝေး လုပ်တိုင်း ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ထားဖို့ အကြိမ်ပေါင်းများစွာ ကျနော်က ပြောလေ့ရှိပါတယ်။

ဒီ တိုက်တွန်းချက်မျိုးနဲ့တင် ချန်ပီယံဆု ကာကွယ်ဖို့ လုံလောက်မှု ရှိရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုမှ မဟုတ်ရင်လဲ လီဗာပူး ကို Congratulations ပြောသွားမှာပါ။

အသက်အရွယ် ရလာတာနဲ့ အမျှ ကျနော့် အလုပ်ကနေ သင်ခန်းစာတွေလဲ အများကြီး သင်ယူခဲ့ပြီးပါပြီ။ လက်ရှိ အချိန်မှာ ပိုပြီးတော့ ထောက်ပံ့ ဝန်းရံမှုတွေလဲ ရနေတယ်လို့ ခံစားရပါတယ်။

ဘောလုံးပွဲ ကစားပြီ ဆိုမှတော့ အရှုံးရလာဒ်က ကြုံရမှာပါပဲ။ ဒါပေမယ့် ကျနော်ကတော့ မကြိုက်ပါဘူး။ ဘောလုံးပွဲ ရှုံးတဲ့နေ့ ဆိုရင် အိပ်လို့တောင် မပျော်ပါဘူး။ ယှဉ်ပြိုင် ကစားကြတဲ့ အနေအထားမှာ အခြားအသင်းတွေကလဲ ကိုယ့်ကို အနိုင်ယူပြနိုင်တယ် ဆိုတာမျိုးကို လက်ခံပါတယ်။ သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းနိုင်တယ်လေ။

ကိုယ်ကလဲ ပိုကောင်းသထက်ကောင်းအောင် ကြိုးစားရမှာ ဖြစ်သလို ၊ အသေးအဖွဲ့လေးတွေက အစ ဂရုစိုက်ပြီး ကြိုးစားရမှာပါ။ ဒီအလုပ်မှာ လုပ်ကိုင်ရတာ ပျော်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ကွာဟချက် ကျဉ်းမြောင်းသွားလို့ ဒရာမာတွေခင်းပြီး ပေါက်ကွဲပြနေမှာ မဟုတ်ပါဘူး။ ဒါဆို ပြသနာ က ဘာလဲလို့ မေးရင် ၊ ကျနော်တို့ အနေနဲ့ အသင်းလိုက် စုစည်းမှု အပြည့်နဲ့ ရှိနေရမယ် ၊ နိုင်လိုစိတ်က အရင်အတိုင်း ပြင်းပြနေရပါမယ်။ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပေါ်ထွက်လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူး ဆိုရင်တော့ အားလုံး ဖိအားတွေအောက်ကို ရောက်သွားနိုင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကတ်တလန် သားကြီး က သူတို့ဟာ စပါးကို မရှုံးသင့်ပဲ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်တယ်လို့ ဆက်ပြီး မှတ်ချက် ပေးခဲ့ကာ ၊ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ် အားရမိတဲ့ အပြင် ၊ အဓိက အပြောင်းအလဲ ဖြစ်သွားတာ က အရည်သွေးမြင့် တိုက်စစ်မှုး ဟယ်ရီကိန်း ကြောင့် ဖြစ်တဲ့ အကြောင်းကို အခုလို ရှင်းပြသွားပါတယ်။

“ စပါး ကို ရှုံးနိမ့်ခဲ့လို့ နောင်တ ရတာမျိုးတွေ မရှိသလို ၊ ဆင်ခြေတွေလဲ ပေးနေစရာ မလိုပါဘူး။

ကျနော်တို့ နဲ့ ပတ်သက်ပြီး တစ်ခြားသူတွေ က ဘယ်လို မှတ်ချက်ပေးလဲ ဆိုတာ ခင်ဗျားတို့ သိပြီးသားပါ။ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှု ပို ဘယ်လို ယူထားတယ် ၊ ဂိုးပေါက် ကန်သွင်းမှုတွေကို ဘယ်လို ဖန်တီးတယ် ဆိုတာမျိုးတွေလေ။ စပါးကလဲ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ ကလဲ အသင်းကောင်း တစ်သင်း ဖြစ်နေလို့ပါပဲ။

တစ်ခါတလေမှာ ကိုယ်က တိုက်စစ်ဆင်နေတဲ့ အချိန် ပြိုင်ဘက်က ဘောလုံး ပြန်ရသွားပြီး ၊ တိုက်စစ်မှုးဆီ ချက်ခြင်း လှမ်းပေးလိုက်တာမျိုးတွေ ရှိပါတယ်။ စပါး အတွက် ပိုပြီး ကောင်းတဲ့ အချက်က ဟယ်ရီကိန်း ဟာ အဲဒီလို ဘောလုံးမျိုးကို လက်ခံရတဲ့ အချိန်မှာ ဘယ်တော့မှ ပျက်သွားတယ်လို့ မရှိပါဘူး။

သူဟာ ကွင်းထဲမှာ ပြေးပြေးလွှားလွှား နဲ့ အများကြီး လိုက်ပြီး ကစားချင်မှ ကစားမှာ ဖြစ်ပေမယ့် ၊ အဆုံးအဖြတ် ပေးနိုင်တဲ့ အခိုက်အတန့်တွေမှာတော့ အရမ်းကို တိကျလွန်းပါတယ်။ ဒါကြောင့် ဒီပွဲမှာ ကျနော်တို့ အမှားကြောင်း မဟုတ်ပါဘူး။ ပြိုင်ဘက် ကိုက ကောင်းလွန်းလို့ပါ။

မက်ဆီ ၊ နေမာ တို့က အရမ်းကို ကောင်းပါတယ်။ လီဗာပူး ကစားသမားတွေလဲ သိပ်ကောင်းကြပါတယ်။ သူတို့ဟာ သူတို့လိုချင်တဲ့ အတိုင်း လုပ်ပြနိုင်သူတွေပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

မန်စီးတီး ဟာ ဒီတစ်ပတ်မှာတော့ တန်းဆင်းဇုံ ဖိအားတွေ ဝင်ရောက်နေတဲ့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

SM