ကျူးကျော်လာသူ ရုရှားတွေကို တိုက်ထုတ်ဖို့ ယူကရိန် စစ်တပ်ထဲကို ဝင်တော့မယ့် ဟဲဗီးဝိတ်ချန်ပီယံဟောင်း ကလစ်ချ်ကို

လက်ဝှေ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်းကြီး ဗီတာလီ ကလစ်ချ်ကို ဟာ 2014 ခုနှစ် ကတည်းက ယူကရိန်း နိုင်ငံ ကိဗ်ယက် မြို့တော်ဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၊ လက်ရှိ အချိန်မှာတော့ သူ့နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ရုရှားတွေကို တိုက်ထုတ်ဖို့ အတွက် စစ်တပ်ထဲကို ဝင်ရောက်တော့မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။

“ ကျနော့် မှာ တခြား ရွေးချယ်စရာ မရှိပါဘူး ၊ ဒါကြောင့် စစ်ထဲကို ဝင်ကာ တိုက်ပွဲဝင်တော့မှာပါ။ မကြာခင်မှာ တိုက်ပွဲအတွင်း အရောက်သွားတော့မှာပါ။ ယူကရိန်း ပြည်သူတွေကို ကျနော့် ယုံကြည်သလို ၊ ကျနော့် နိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး အပေါ်လဲ အပြည့်အ၀ ယုံကြည်ထားပြီးသားပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

 

သူ့ရဲ့ ညီ ဖြစ်သူ နောက်ထပ် ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်းဖြစ်တဲ့ ဗလာဒီမီယာ ကတော့ ယူကရိန်း အရံတပ်ထဲကို ဒီလ အစောပိုင်းကတည်းက ဝင်ရောက်ထားခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်းကို ဝင်ရောက်ဖို့ နယ်စပ်တစ်လျှောက် ဖြန့်ကျက်လာပြီး နောက်ပိုင်း ၊ ယူကရိန်းကလဲ ခုခံမှုတွေ လုပ်ဆောင်ဖို့ ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။

ဗလာဒီမီယာ ကတော့ “ ကျနော် နေတဲ့ နေရာ နဲ့ဆိုရင် ခရိုင်တစ်ခုစာပဲ ဝေးတော့တာပါ။ ကျနော့် သမီးငယ်က ကျောင်းတက်ရတော့မယ့် အရွယ်ရောက်ပါပြီ။

အခုလို စစ်ထဲဝင်ဖို့ ဆုံးဖြတ်ချက်က ကိုယ့်မြို့ ၊ ကိုယ့်အိမ် ၊ ကိုယ့်မိသားစု ၊ ကိုယ့်ပတ်ဝန်းကျင် အပေါ်ထားတဲ့ ချစ်တဲ့ စိတ်ကို အရင်းခံပြီး ဆုံးဖြတ်ခဲ့တာပါ။ ကျနော့် ရဲ့ လုပ်ဆောင်ချက်က အခြား ယူကရိန်း ပြည်သူတွေ ရဲ့ စိတ်ဓါတ်ကို လှုံ့ဆော်ဖို့ ရှေ့ဆောင်လမ်းပြ တစ်ခု ဖြစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါကြောင့် လက်နက်ကိုင်ပြီး တွန်းလှန်သွားတော့မှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီညနေ မန်ချက်စတာ မြို့လယ်ခေါင်မှာ ကျင်းပတဲ့ ယူကရိန်း ပြည်သူတွေ ကို အားပေးထောက်ခံပွဲမှာတော့ မန်စီးတီး နောက်တန်း ကစားသမား ဇင်ချန်ကို လဲ ပါဝင် ပူးပေါင်းခဲ့ပါတယ်။

ဇင်ချန်ကို ဟာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပူတင်ရဲ့ ပုံကို ဖော်ပြကာ “ အသေဆိုး နဲ့ သေရပါစေလို့ မင်းအတွက် မေတ္တာပို့ပေးနေတယ်” ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စာသားကို တင်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ အဲဒီ စတေးတပ်ကို အင်စတာဂရမ် ဘက်က ဖျက်ပစ်သွားခဲ့ပါတယ်။

သို့သော်လဲ 25 နှစ် အရွယ် ခံစစ်မှုး ရဲ့ ဒေါသတွေဟာ ရပ်တန့် သွားခြင်း မရှိပဲ နောက်ထပ် ပို့စ်ပေါင်းများစွာ ဆက်တိုက် ရေးကာ ယူကရိန်း ပြည်သူတွေ နဲ့ ထပ်တူ ရပ်တည်ကြောင်း ပြသခဲ့ပြန်ပါတယ်။

“ ငါ့နိုင်ငံ ၊ ငါ့ကို မွေးထုတ်လိုက်တဲ့ မြေ ။ နိုင်ငံတကာ က ဘောလုံးကွင်းကြီးတွေထဲမှာ အရောင်သွေး စုံလင်လှတဲ့ ယူကရိန်း ကို အမြဲတမ်း ကိုယ်စားပြုခဲ့တယ်။ ကြီးကျယ် ခမ်းနား ဖွံ့ဖြိုးဖို့ ငါတို့ ကြိုးစားခဲ့ကြတယ်။ ဒီနိုင်ငံဟာ ယူကရိန်းတွေပဲ ပိုင်တဲ့ နေရာပါ။ ဘယ်သူမှ လာပြီး ဗိုလ်ကျ အုပ်စိုးလို့ မရပါဘူး။

ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး ၊ ယူကရိန်း တွေ အောင်ပွဲခံလိမ့်မယ်” လို့ ဆက်လက် ရေးသားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ အခြား နာမည်ကျော် ယူကရိန်း အားကစား သမားတွေကလဲ သူတို့ နိုင်ငံသားတွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ကြောင်း စတေးတပ်တွေကို လူမှု ကွန်ယက်စာမျက်နှာတွေပေါ်မှာ ဆက်တိုက် ရေးသားလျှက် ရှိနေကြပါတယ်။

SM