ကာရာဘောင် ဖိုင်နယ်မှာ ဘယ်အသင်း ဗိုလ်စွဲသွားမလဲ ဆိုတာ ခန့်မှန်းလိုက်ကြတဲ့ ဂျိုကိုးလ်နဲ့ ဂလင်းဂျွန်ဆင်

လာမယ့် တနင်္ဂနွေည ၊ ဝင်ဘလေကွင်းမှာ ကာရာဘောင် ဖလား ဗိုလ်လုပွဲ အဖြစ် ပရီးမီးယားလိဂ် အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။ ဒီ ၂သင်း ဟာ ပြိုင်ပွဲ ၄ခုလုံးမှာ တင်ကျန်တဲ့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ကြပါတယ် ။

ချဲလ်ဆီး ဟာ မကြာသေးခင်ကမှ ကမ္ဘာ့ကလပ်ဖလားကို ပူပူနွေးနွေး ကိုင်မြှောက်ထားပြီး ၊ ပြည်တွင်းဖလား တလုံး ထပ်ရဖို့လည်း လက်တကမ်း အကွာမှာ ရှိနေပါတယ် ။ ၄င်းတို့ဟာ ကာရာဘောင် ဖိုင်နယ်ကို ၂၀၁၉ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် တက်ရောက်နိုင်ခဲ့ပြီး ၊ ၂၀၁၅ နောက်ပိုင်း ဒီဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

လီဗာပူးကတော့ မန်စီးတီးနဲ့ အတူ ကာရာဘောင်ဖလား အောင်မြင်မှု အများဆုံး အသင်း အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် ၊ ဒီဖလားကို မဆွတ်ခူးနိုင်ခဲ့တာ ၁၀နှစ် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်တွင်း ရှုံးထွက်ဖလား တလုံးမှ မရသေးတဲ့ ယာဂင် ကလော့ပ် အတွက် ဒါဟာ နီးစပ်တဲ့ အခွင့်အရေး တရပ် ဖြစ်ပါတယ် ။

လိဂ်ဖလား အအောင်မြင်ဆုံးနဲ့ ဒုတိယ အအောင်မြင်ဆုံး အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမယ့် ယခုနှစ် ဖိုင်နယ်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးနဲ့ လီဗာပူး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂျိုကိုးလ်နဲ့ ဂလင်းဂျွန်ဆင်တို့က အခုလိုပဲ ခန့်မှန်းချက် ကိုယ်စီ ပေးခဲ့ကြပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျိုကိုးလ် က ” သောမတ်စ် တူချယ် ဟာ ဒီ ဖိုင်နယ် အတွက် ကြိုတင် အစီအစဉ် ချထားပြီးလောက်ပါပြီ ။ ဂျော်ဂျင်ဟိုကို သူ လိုင်လီနဲ့ ပွဲမှာ လုံးဝ ထည့်မသုံးသွားပါဘူး ။ ဒီဖလားကို ချဲလ်ဆီးကပဲ ရသွားမယ်လို့ ကျွန်တော် တထစ်ချ ပြောမှာ မဟုတ်ပါဘူး ။ ”

” သူတို့မှာ ဒီလို ရှုံးထွက်ဖလား ဆွတ်ခူးနိုင်စွမ်း ရှိပါတယ် ။ ဒီ ဖိုင်နယ်ကို ကျွန်တော်တို့ အားလုံး မျှော်လင့် စောင့်စားကြရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

BettingOdds ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်းဂျွန်ဆင် က ” ကျွန်တော်ကတော့ လီဗာပူး ဗိုလ်စွဲသွားမယ်လို့ ထင်ပါတယ် ။ အထူးသဖြင့် ပွဲကြီးတွေက သူတို့ရဲ့ ချဉ်းကပ် ကစားပုံ ၊ လတ်တလော ပိုင်ဆိုင်ထားတဲ့ အခိုက်အတန့်ကောင်းတွေကြောင့် ဒီဖလားကို ဆွတ်ခူးဖို့ သူတို့ အများကြီး စိတ်အား မြင့်တက်နေကြပါလိမ့်မယ် ။ ”

” နောက်ပြီး ဒီ ဖိုင်နယ်ကနေ ဖျော်ဖြေမှု ပေးတာကိုပဲ မြင်ချင်ပါတယ် ။ ၀ – ၀ ၊ ၁ – ၀ ဒီလို ပျင်းစရာကောင်းတဲ့ ရလဒ်မျိုးတွေ မမြင်ချင်ပါဘူး ။ ၂သင်းလုံး ဟာ ဂိုးတွေ အပြန်အလှန် သွင်းယူနိုင်ကြတယ် မဟုတ်လား ။ တိုက်စစ်ဖွင့်ကစားလာမယ့် ဖိုင်နယ် တပွဲ ဖြစ်လာဖို့ ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖိုင်နယ် ဖြစ်လာဖို့ မျှော်လင့်ကြတာပေါ့ ။ ”

” ဒါပေမယ့် ကျွန်တော်ကတော့ ဒီဖိုင်နယ်မှာ လီဗာပူးကို ပိုပြီး နှစ်သက်မိပါတယ် ။ ဒီ ၂သင်းမှာ ဘယ်အသင်းက ဒီဖလားကို ရဖို့ ပိုအရေးကြီးသလဲလို့ မေးလာရင် ကျွန်တော်ကတော့ ချဲလ်ဆီးကိုပဲ ရွေးရမှာပါ ။ ဒါဟာ လက်ကျန်ရာသီမှာ သူတို့ ဖလားမြှောက်ခွင့်ရဖို့ အနီးစပ်ဆုံး အခွင့်အရေးပါပဲ ။ ”

” လတ်တလော စွမ်းဆောင်ရည် အရ သူတို့မှာ ဒီဖလားက လွဲပြီး ၊ နောက်ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ တက်ဖို့ ကျွန်တော် မမြင်မိပါဘူး ။ ဒီဖိုင်နယ်ကသာ သူတို့အတွက် ဆုဖလား တလုံး ရဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR