ကာရာဘောင် ဖလား ကို ဆွတ်ခူးနိုင်ချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ဖာဘင်ဟို

ဒီနှစ် ဘောလုံးရာသီ အတွက် ကာရာဘောင် ဖလား ဗိုလ်လုပွဲကို ဒီညမှာပဲ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ် အင်အားကြီး နှစ်သင်း ဖြစ်တဲ့ လီဗာပူး နဲ့ ချဲဆီး တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

2022 ခုနှစ် အတွင်း ဝင်ရောက်လာချိန်မှာ လီဗာပူး အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ကို ဆက်တိုက် သွင်းယူပေးလာတဲ့ ကစားသမား တစ်ယောက် ထူးထူးခြားခြား ထွက်ပေါ်လာခဲ့ပါတယ်။ သူက ကွင်းလယ် ခံစစ်နေရာမှာ ကစားနေတဲ့ ဖာဘင်ဟို ဖြစ်ပြီး ၊ ဒီရာသီမှာ ပြိုင်ပွဲပေါင်းစုံ 6 ဂိုး အထိ သွင်းယူထားပြီးပြီ ဖြစ်ကာ အဲဒီထဲက 5 ဂိုး ကို နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ သွင်းယူပေးခဲ့တာပါ။

မိုနာကို မှာ ကစားခဲ့တဲ့ နောက်ဆုံး 3 ရာသီမှာတုန်းက အသင်းအတွက် ပုံမှန် ဂိုးသွင်းသူ ဖြစ်ခဲ့သလို ၊ ချန်ပီယံဆု ကို ဆွတ်ခူးနိုင်တဲ့ 2017 ခုနှစ် မှာ ဆိုရင် သူ့ရဲ့ သွင်းဂိုးနှုန်းဟာ ဂဏန်းနှစ်လုံး အထိတောင် ရောက်ရှိခဲ့ဖူးပါတယ်။

သို့သော် လီဗာပူး ကစားသမား ဘ၀ ပထမ သုံးရာသီမှာတော့ 3 ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၊ သူ့ရဲ့ တာဝန်ဟာ ခံစစ်ပိုင်းကို ကာကွယ်ပဲ အဓိက ဖြစ်နေခဲ့ပါတယ်။ ဒီရာသီ ရောက်မှ သွင်းဂိုးတွေ ပြန်လည် မြင်တွေ့လာရတဲ့ အနေအထားကိုတော့ ဖာဘင်ဟို ကိုယ်တိုင်က အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ အရင်တုန်း ကတော့ တန်ပြန်တိုက်စစ်တွေကို တားဆီးဖို့ အတွက် ကျနော် က နောက်ဆုံးမှာ တာဝန်ယူထားရသူ ဖြစ်ပါတယ်။

အခုတော့ 18 ကိုက် အတွင်း မကြာခဏ ဝင်ရောက်ခွင့် ရရှိလာလို့ ၊ ဂိုးသွင်းခွင့်တွေလဲ ပိုရလာတယ်လေ။ First ball, Second Ball တွေ လက်ဦးမှု ရယူနိုင်ဖို့ ကျနော့် ရဲ့ ရွေ့လျားတဲ့ ပုံစံကို အမြဲတမ်း ကြိုးစားကြည့်ပါတယ်။ ကျနော် တို့ အသင်းဟာ Set-Pieces တွေမှာ အရမ်းကို ကောင်းတာပါ။

ကိုယ့် ကစားဖော်တွေက အမြင့်ဘောတွေကို လက်ဦးမှု ယူနိုင်တယ်လို့ နားလည်ထားတာနဲ့ ဘောလုံးကလဲ ကိုယ့်ခြေထဲကို အချိန်မရွေးကျလာနိုင်ပါတယ်။ ဒါကို ဂိုးသွင်းနိုင်ဖို့ ကျနော်က ကြိုးစားနေတာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ဖာဘင်ဟို ဟာ လီဗာပူး ကို ပေါင် 39 သန်း နဲ့ ရောက်ရှိလာပြီး နောက်ပိုင်း ၊ ကလော့ပ် ကစားကွက် ရဲ့ အသက်သွေးကြောကစားသမား တစ်ယောက် အဖြစ် တည်ဆောက်ပြနိုင်ခဲ့သလို ၊ ဒီရာသီမှာ ဆိုရင် စပိန် ကွင်းလယ် ကစားသမား တီယာဂို နဲ့ အတွဲညီညီ ကစားပြလျှက် ရှိနေပါတယ်။

သူတို့နှစ်ယောက် တွဲဖက်လာပြီ ဆိုတာနဲ့ လီဗာပူး က လုံး၀ ရှုံးပွဲ မရှိသေးတာဖြစ်လို့ ၊ ဒီညမှာများ အဲဒီမှတ်တမ်းကို ဆက်ထိန်းရင်း အောင်ပွဲခံပြမလား ဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလွန်းပါတယ်။

“ ကျနော် တို့က ဖလား 4 လုံး လမ်းကြောင်းပေါ် ဆိုပေမယ့် အဲဒါတွေကို ခေါင်းထဲ မထားပါဘူး။ တစ်ပတ် ကို 2 ပွဲ လောက် ဆက်တိုက် ကစားနေရတဲ့ အနေအထားမှာ တစ်ပွဲချင်းစီ အတွက် ဘယ်လို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်မလဲ ၊ Recovery ပိုင်းကို ဘယ်လို တိုးတက်လာအောင် လုပ်မလဲပဲ ဂရုစိုက်ရပါတယ်။ လွယ်တော့ မလွယ်ပါဘူး။

ဒီညမှာ ဆိုရင် ဒီရာသီ ပထမဆုံး ဖလားကို ကိုင်မြှောက်ဖို့ အတွက် ကျနော်တို့မှာ အခွင့်ရေး ရှိနေပါပြီ။ အမိအရသာ ဆုပ်ကိုင်နိုင်မယ် ဆိုရင် တော်တော်လေးကို ကျေနပ်စရာ ဖြစ်မှာပါ။ ဒီဖလား ဟာ ကျနော့် အတွက် လီဗာပူး နဲ့ သိမ်းပိုက်တဲ့ ပထမဆုံး ပြည်တွင်း Cup ဖလား ဖြစ်သွားမှာပါ။

ဒီပွဲပြီးရင်တော့ အခြားပြိုင်ပွဲတွေကို အာရုံစိုက်ဖို့ အချိန်ရသွားပြီးပေါ့။ တစ်ပွဲချင်းစီကို အကောင်းဆုံး ချဉ်းကပ်တာက အခုထိ အလုပ်ဖြစ်နေဆဲပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM