ကာရာဘောင် ဖလားဗိုလ်လုပွဲ အပါဝင် ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ လော်ရိုး

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ပရိသတ်တွေ အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်း တွေ့ဆုံနေတဲ့ ကာရာဘောင် ဖလား ပွဲစဉ်ကို ကြည့်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ချဲဆီး ဟာ ဥရောပ ချန်ပီယံ ၊ ကမ္ဘာ့ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားလို့ စိတ်ဓါတ်ပိုင်းအရ ယုံကြည်မှုက အမြင့်ဆုံးကို ရောက်နေသလို ၊ လီဗာပူး ကလဲ နိုင်ပွဲဆက် မှတ်တမ်းတွေ ဆက်တိုက် ရယူပြီး ပုံစံကောင်းတွေ ပြသနေပါတယ်။

ဒီနှစ်သင်း ပရီးမီးယားလိဂ် မှာ တွေ့ဆုံခဲ့စဉ် အချိန်က နှစ်ပွဲစလုံး အရှုံးအနိုင် မပေါ်ပဲ သရေရလာဒ်တွေသာ ထွက်ပေါ်ထားပါတယ်။ BBC ရဲ့ အားကစား ကလောင်ရှင် လော်ရိုး ကတော့ ဒီပွဲ အပေါ် သူ့ရဲ့ သုံးသပ်ချက်ကို အခုလို ပြောပြသွားပါတယ်။

“ ဒီပွဲဟာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်သွားမယ်လို့ ခံစားနေရတယ်ဗျာ။ လီဗာပူး ဂိုးပေါက် ကို တာဝန်ယူမယ့် ကယ်လာဟာ ဟာ ပင်နယ်တီ ကာကွယ်တဲ့ အပိုင်းမှာ မှတ်တမ်းကောင်းတွေ ရှိသလို ၊ လက်စတာ နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာလဲ စွမ်းဆောင်ပြခဲ့ပြီးပါပြီ။ ကျနော် သိချင်တဲ့ အချက်က ဗိုလ်လုပွဲကလဲ အဲဒီ ပုံစံအတိုင်းပဲ အဖြေထုတ်ရမလား ဆိုတဲ့ အချက်ပါ။

ဘယ် အသင်းကပဲ အနိုင်ရပါစေ ကပ်ပြီး နိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ချဲဆီး ရဲ့ စွမ်းဆောင်ရည်က အကောင်းကြီး မဟုတ်သေးပေမယ့် ၊ ဒီပွဲမှာတော့ အမှားအယွင်း မရှိအောင် ဂရုစိုက် ကစားပါလိမ့်မယ်။ တိုက်စစ် က ဂိုးပေါက်ခြိမ်းခြောက်မှု အားနည်းတယ် ဆိုပေမယ့် ကစားတဲ့ ပုံစံအပိုင်းမှာ ကျစ်လစ်ပြီးသားပါ။ အဲဒီ အချက်ကတော့ လုံး၀ ပျက်ယွင်းသွားစရာ မရှိပါဘူး။

လီဗာပူး ကလဲ 9 ပွဲ ဆက်တိုက် အနိုင်ယူထားတာမို့ အရမ်းကို ခြေစွာလွန်းနေပါတယ်။ တစ်ချိန်တည်းမှာ တိုက်စစ်က ဂိုးတွေ ဆက်တိုက် မြူးနေတယ်လေ။ ဒါပေမယ့် ဝင်ဘလေမှာတော့ ဂိုးပေါက် ရှာတွေ့ဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရမှာပါ။
1-1 ရလာဒ်လို့ မှန်းထားချင်ပြီး ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူး က အနိုင်ရသွားပါလိမ့်မယ်” လို့ ခန့်မှန်း သွားခဲ့ ပါတယ်။

ယူနိုက်တက် – ဝက်ဖို့ဒ်

ဒီနှစ်သင်း နိုဝင်ဘာမှာ တွေ့တုန်းက ဝက်ဖို့ဒ် က 4-1 နဲ့ အနိုင်ရခဲ့သလို ၊ အဲဒီပွဲ ပြီးတာ နဲ့ အိုလီ ဂန်နာ ဆိုးရှားလဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ 3 လ အချိန် ကြာမြင့်သွားပေမယ့် ယူနိုက်တက်မှာ ပြသနာတွေက ရှိနေဆဲပါ။

ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးပွဲ ပွဲစဉ်မှာ အချိတ်အဆက်မမိပဲ ဖြစ်နေတဲ့ ယူုနိုက်တက် ရဲ့ ပုံစံကို ထပ်ပြီး မြင်လိုက်ရပြန်ပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာ 1-1 ကစားနိုင်တဲ့ ရလာဒ်က အများကြီးကို အခြေအနေ ကောင်းခဲ့ပါတယ်။ ရန်နစ် ရဲ့ လက်အောက်မှာ သူတို့ဟာ လိုချင်တဲ့ ရလာဒ် ကိုတော့ ရအောင် ညှစ်ကစားမယ် ဆိုတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော့် အမြင်မှာ သူတို့ ရဲ့ ခြေစွမ်းက ကောင်းတဲ့ထဲမှာ ပါနေတယ်လို့ကို မခံစားရတာပါ။

ဟော့ဆန် က ဘာတွေ လုပ်ပြမလဲ ဆိုတာတော့ အားလုံး သိပြီးသားပါ။ ဘောလုံးကို ပေးကိုင်ခိုင်းထားမယ် ၊ တစ်ဖက်က မောသွားတဲ့ အချိန်မှာ ပြန်ပြီး ဖိမယ် ၊ ယူနိုက်တက် တိုက်စစ် ကစားသမားတွေ ကစားကွက် ဆင်လို့ မရအောင် နေရာလွတ်တွေ ကို ပိတ်ထားမယ် ၊ ပြီးရင် အခွင့်အရေး ရတာနဲ့ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားမှာပါ။

အိုးထရက်ဖို့ ကွင်းထဲမှာ ခရစ္စတယ်ပဲလေ့ နဲ့ (2018-2020 အတွင်း) နောက်ဆုံး လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၃ ပွဲကို ကြည့်လိုက်မယ် ဆိုရင် နှစ်ပွဲ နိုင်ပြီး ၊ ဂိုးမရှိ တစ်ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် ဝက်ဖို့ဒ် နဲ့ တော့ လွယ်မယ် မထင်ပါဘူး။ သူတို့ အနေနဲ့လဲ အိမ်ရှင် ရဲ့ ထိုးစစ်ကို အချိန်တွေ အကြားကြီး တောင့်ခံထားလို့ မဖြစ်နိုင်ပါဘူး။

ခန့်မှန်းချက် – ယူနိုက်တက် 3-0 ဝက်ဖို့ဒ်

အဲဗာတန် – မန်စီးတီး

အဲဗာတန် ရဲ့ တန်းဆင်းဇုံ အန္တရာယ် က တကယ်ကို စိုးရိမ်စရာ ကောင်းလာပါပြီ။ စနေနေ့မှာ ကစားမယ့် ပွဲစဉ်တွေမှာ ဘန်လေ ၊ နယူးကာဆယ် တို့က အနိုင်ရမယ် ဆိုရင် ၊ အဲဗာတန် ဟာ မန်စီးတီး နဲ့ ကစားမယ် အချိန်မှာ တန်းဆင်းဇုံ အတွင်းကို ရောက်နေမှာပါ။ ဟိုနှစ်သင်းကလဲ နောက်ပိုင်းမှာ ပုံစံကောင်းတွေ ဆက်တိုက် ပြနေလို့ ၊ နိုင်ပွဲတွေ ရအောင် ယူပြဖို့ လုံလောက်တဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခံယူချက်တွေ ရှိနေပါတယ်။

တန်းဆင်းဇုံ အတွင်း ရောက်သွားပြီ ဆိုတာ နဲ့ ကိုယ့်အသင်းက ဘယ်လောက်ကောင်းတယ် ၊ ဘယ်လို ကစားသမားတွေ ပိုင်ဆိုင်ထားတယ် ဆိုတာတွေ မေ့လိုက်ပါ ၊ ဘောလုံးရာသီ တစ်ခုရဲ့ ဒီလို အချိန်မျိုးမှာ တန်းဆင်းဇုံထဲ နေရတာ အရမ်းကို ဖိအားများပါတယ်။ ကစားသမားတွေ အနေနဲ့လဲ စိတ်ပိုင်းဆိုင်ရာ တော်တော်လေးကို ပြင်ဆင်ရမှာပါ။ ဒါကို တစ်ချို့ ကစားသမားတွေက ရင်ဆိုင်နိုင်စွမ်း မရှိပါဘူး။

အဲဗာတန် ရဲ့ ပြသနာ က ခံစစ်ပိုင်းပဲဗျ။ မန်စီးတီး လို အသင်းမျိုးက ဒီလို အခွင့်အရေးမျိုးသာ ရှိရင် အရဆုပ်ကိုင်နိုင်အောင် ကြိုးစားတတ်ပါတယ်။

လမ်းပတ်ဟာ သူ့ရဲ့ ခံစစ်ကို အကောင်းဆုံး ဖြစ်အောင်တော့ စုစည်း ပြင်ဆင်လာမှာပါ။ ဒါပေမယ့် မလွယ်ပါဘူး။

ခန့်မှန်းချက် – အဲဗာတန် 0-3 မန်စီးတီး

အခြားပွဲစဉ် ခန့်မှန်းချက်များ

လိဒ် 0-2 စပါး
ဘရန်းဖို့ဒ် 2-1 နယူး
ဘရိုတ်တန် 1-1 ဗီလာ
ပဲလေ့ 1-1 ဘန်လေ
ဝက်စ်ဟမ်း 2-1 ဝုဖ်

SM