ကာရာဘောင်ဖလားဖိုင်နယ် ပွဲစဉ်ကို ခန့်မှန်းလိုက်ကြတဲ့ ဘာဘာတော့ဖ် နဲ့ မက်လော်ရန်ဆင်

မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဒီမီတာဘာဘာတော့ဖ် နဲ့ လီဗာပူး ကစားသမားဟောင်း ဖြစ်သူ မက်လော်ရန်ဆင် တို့ဟာ ယနေ့ည ၀င်ဘာလေမှာ ကစားသွားကြမယ့် ချဲလ်ဆီး နဲ့ လီဗာပူး တို့ရဲ့ လိဂ်ဖလား ဖိုင်နယ် ပွဲစဉ်ကို ခန့်မှန်းပေးသွားခဲ့ပါတယ်။

သောမတ်တူချယ်ဟာ ချဲလ်ဆီးကို နောက်ထပ် ဖလား တစ်လုံး ထပ်မံ ရယူပေးသွားဖို့ ရည်ရွယ်နေပေမယ့်လည်း သူတို့ ရင်ဆိုင်သွားရမယ့် အသင်းဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံ ရနေတဲ့ လီဗာပူး အသင်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလား ရထားတဲ့ အသင်း ဖြစ်သလို ယခုလ အစောပိုင်းမှာလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့တဲ့ အသင်းပါ။

ကလော့ရဲ့ အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အတွက် မန်စီးတီးကို ကောင်းကောင်း စိန်ခေါ်နေပြီး လက်ရှိမှာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူး တို့ဟာ ဒီပွဲစဉ်မတိုင်မီ ကြားရက်မှာ ရလဒ်ကောင်းတွေ ရထားခဲ့တဲ့ အသင်းတွေ ဖြစ်ကြပြီး The Blues တို့က လိုင်လီကို ချန်ပီယံလိဂ်မာ ၂-၀ နဲ့ နိုင်ခဲ့သလို လီဗာပူးကလည်း လိဒ်ကို ၆-၀ နဲ့ နိုင်ထားခဲ့ပါတယ်။ ဒီဖိုင်နယ် ပွဲစဉ်နဲ့ ပက်သက်ပြီး ဘာဘာတော့ဖ် နဲ့ လော်ရန်ဆင် တို့က ယခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။

ဘာဘာတော့ဖ်က “ဒီပွဲစဉ်ဟာ တကယ့်ကို ကောင်းမွန်လှတဲ့ လိဂ်ဖလား ဖိုင်နယ် ပွဲစဉ် အရသာကို ခံစားစေမှာ ဖြစ်ပြီး လက်ရှိ ဥရောပ ချန်ပီယံ နဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နေသူတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်း သိနေတဲ့ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ နှစ်ဦး ထိပ်တိုက် တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံကို ရနေပြီး ချဲလ်ဆီး ကတော့ မကြာသေးမီက အနည်းငယ် ရုန်းကန် နေရပေမယ့်လည်း ကျွန်တော် ကတော့ ဖိုင်နယ် ပွဲစဉ် အတွက် သူတို့ရဲ့ ကစားအားကို မြှင့်တင်သွားမယ့် The Blues တို့ကို ပိုမို အကြိုက်တွေ့မိပါတယ်။ ဒီပွဲစဉ်ဟာ မိနစ် ၉၀ အတွင်း အနိုင် အရှုံး အဖြေ ပေါ်သွားမယ့် ပွဲစဉ်လို့တော့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် the Blues တို့ အချိန်ပိုမှာ အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ချဲလ်ဆီးတို့ ၂-၁ နဲ့ နိုင်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ မက်လော်ရန်ဆင် ကတော့ “ကျွန်တော် ကတော့ ဒီပွဲဟာ နာကျင်အချိန်ပိုထိ သွားမယ့် ပွဲစဉ်လို့ မြင်မိပါတယ်။ လီဗာပူး ဂိုးသမား ကယ်လီဟာဟာ လက်စတာကို ကွာတားဖိုင်နယ်မှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပါအ၀င် ပင်နယ်တီ အဆုံးအဖြတ်တွေမှာ ကာကွယ်မှုတွေ လုပ်ပေးခဲ့တဲ့ သမိုင်းကြောင်း ရှိထားပါတယ်။ ဖိုင်နယ် ပွဲစဉ် ကလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ ချန်ပီယံကို ဆုံးဖြတ်သွားနိုင်ခြေ ရှိနေတယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။

ဒီပွဲမှာ ဘယ်သူပဲ အနိုင်ရသည် ဖြစ်စေ အကြိတ်အနယ် ကစားပြီးမှ ကပ်နိုင်မှာပါ။ ချဲလ်ဆီးဟာ လက်ရှိမှာ ပုံစံကောင်းမှာ ရှိမနေပေမယ့်လည်း လီဗာပူးကို ခက်ခဲအောင်တော့ သေချာပေါက် လုပ်သွားမှာပါ။ သူတို့ဟာ တိုက်စစ်ပိုင်းမှာ ခြိမ်းခြောက်မှု အနည်းငယ် အားနည်းနေပေမယ့်လည်း ခံစစ်ပိုင်းကတော့ မာကျောကျစ်လစ် နေဆဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ပြိုင်ပွဲစုံမှာ ၉ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး ဂိုးတွေလည်း အများကြီး သွင်းယူထားခဲ့ပါသေးတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ ခံစစ်ကို ချိုးဖျက်နိုင်ဖို့ အတွက် ဆိုရင်တော့ ကလော့ရဲ့ အသင်း အနေနဲ့ ၀င်ဘာလေမှာ စိတ်ရှည်ရှည်နဲ့ ကစားသွားဖို့ လိုအပ်ပါတယ်။

ကျွန်တော် ကတော့ ဒီပွဲဟာ မိနစ် ၉၀ အတွင်း ၁-၁ နဲ့ ပြီးကာ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးတို့ အောင်ပွဲခံသွားမယ်လို့ ခန့်မှန်းပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM