ကာရာဘောင်ဖလားဖိုင်နယ်မှာ ဟီးရိုးဖြစ်ခဲ့ပြီးနောက် ပွဲအပြီးမှာ ယာဂန်ကလော့ သူ့ကို ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ ကယ်လီဟာ

ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဖိုင်နယ် ပွဲစဉ်မှာ ဟီးရိုးဖြစ်သွားခဲ့ပြီးနောက် သူဟာ အခုဆိုရင် ကလပ်ရဲ့ သမိုင်းထဲမှာ အမြဲတမ်း ပါ၀င်တော့မှာ ဖြစ်တယ်လို့ ယာဂန်ကလော့က ပြောခဲ့ကြောင်း ဂိုးသမား ကွီမင်းကယ်လီဟာက ထုတ်ဖော်လိုက်ပါတယ်။ ဖိုင်နယ်မှာ နှစ်သင်းစလုံးဟာ မိနစ် ၁၂၀ အတွင်း ဂိုးပေါက် မရှာဖွေနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး လီဗာပူးဟာ ၁၁-၁၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အိုင်ယာလန် ဂိုးသမားဟာ ပွဲကစားချိန်အတွင်းမှာ အထူး လက်စွမ်းပြမှုတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကယ်လီဟာဟာ ချဲလ်ဆီး ဂိုးသမား ကီပါရဲ့ ပင်နယ်တီ လွဲချော်မှု မတိုင်မီ လီဗာပူးအတွက် spot-kick ကနေ ဂိုး၀င်အောင် ကန်သွင်းယူခဲ့သူ ဖြစ်ပြီး ဒီပွဲစဉ်မှာ နံပါတ် ၁ ဂိုးသမား အလီဆွန်ကို ကျော်ကာ နေရာပေးခဲ့တဲ့ ကလော့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်းဆုံး ပြန်လည် ပေးဆပ်ခဲ့ပါတယ်။

ကယ်လီဟာက “တကယ့်ကို ရူးသွပ်စရာ ပင်နယ်တီ အဆုံးအဖြတ် ဖြစ်ပါတယ်။ ကျွန်တော် တစ်ကြိမ်လောက်တော့ ကာကွယ်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ပင်နယ်တီ တစ်ချို့ကို ကာကွယ်နိုင်ဖို့ နီးစပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်တော်ကိုယ်တိုင် ကန်ရမယ့် အလှည့် ရောက်လာခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ winning penalty ကို ကန်သွင်းရလ်ိမ့်မယ်လို့ လုံး၀ကို မတွေးခဲ့ပါဘူး။ အသင်းဖော်တွေကန်သွင်းခဲ့တဲ့ ပင်နယ်တီတွေကလည်း တကယ့်ကို ထိပ်တန်းအဆင့် ဖြစ်ပြီး ကျွန်တော် ဂိုး၀င်အောင် ကန်နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။

ထိချက်ကောင်းကောင်းနဲ့ ဂိုး၀င်ဖို့ပဲ မျှော်လင့်ခဲ့တာပါ။ ကျွန်တော် ပင်နယ်တီ တစ်ချို့ကို ကာကွယ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပင်နယ်တီ အားလုံးဟာ တကယ့်ကို အဆင့်မြင့်လှပါတယ်။ ကလော့က winning penalty ကို ကန်သွင်းယူခဲ့တဲ့ အတွက် well done လို့ ပြောခဲ့ပါတယ်။ လီဗာပူးရဲ့ လေ့ကျင့်ရေးကွင်းမှာ နံရံတစ်ခုရှိပြီး ဖလားတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ဂိုးသမားတွေရဲ့ နာမည်တွေကို ရေးထိုးထားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း ဒီနေရာမှာ ပါ၀င်ဖို့ အခွင့်အရေး ရှိနေပြီလို့ သူက ပြောခဲ့ပါတယ်။” လို့ ထုတ်ဖော်ခဲ့ပါတယ်။

 

ကလော့ကလည်း သူ့ရဲ့ ဂိုးသမားကို ချီးကျူးသွားခဲ့ကာ ကယ်လီဟာရဲ့ နာမည်ကို ပြီးခဲ့တဲ့ winner တွေနဲ့ အတူ ကလပ်လေ့ကျင့်ရေးကွင်းက နံရံမှာ ရေးထိုးသွားဖို့ အစီအစဉ် ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကလော့က “ဒါဟာ ပရော်ဖက်ရှင်နယ် ဘောလုံး ဖြစ်နေတာတောင်မှ ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားပေးရတဲ့ နေရာတစ်ချို့ ရှိနေပါတယ်။ ကွီမင်းကယ်လီဟာဟာ လူငယ်ဂိုးသမား ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်လုံး ကစားလာခဲ့သူပါ။ ကျွန်တော် ဘာလုပ်သွားရမှာလဲ? ကျွန်တော့်မှာ ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ ပရော်ဖက်ရှင်နယ် မန်နေဂျာ အဖြစ်နဲ့လား လူသားတစ်ဦး အနေနဲ့လား? နောက်ဆုံးမှာတော့ လူသားက အနိုင်ရခဲ့ပါတယ်။ သူဟာ ဒီဗိုလ်လုပွဲနဲ့ ထိုက်တန်ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ဆုဖလား တစ်ခုခုကို ရထားခဲ့တဲ့ ဂိုးသမားတွေ အားလုံးရဲ့ နာမည်ကို ရေးထိုးထားတဲ့ နံရံတစ်ခု ရှိပါတယ်။ ကွီမင်းကလည်း ဒီနေရာမှာ ပါ၀င်မှာပါ။ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ တကယ့်ကို ကောင်းလှပါတယ်။ ဒီလိုမျိုး အောင်မြင်မှု အတွက် လူတွေ အောင်ပွဲခံနေတာကို ကျွန်တော် ပျော်ရွှင်မိပါတယ်။ ချဲလ်ဆီးဟာ တကယ့်ကို တောင့်တင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ တစ်ဦးနဲ့ အတူ ခြေညီအောင် လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကံတရားက ကိုယ့်ဘက်မှာ ရှိခဲ့ပါတယ်။ ဒီပွဲဟာ ၅-၅ တောင် ဖြစ်သွားနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM