ကလော့ရဲ့ ဆုံးဖြတ်ချက်အပေါ် သံသယ ဖြစ်ခဲ့တဲ့အတွက် သူ့ကိုယ်သူ အရူးလို့ ပြောလိုက်ပြီး ဖိုင်နယ်ပွဲစဉ်က လီဗာပူးစတားတစ်ဦးရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ်မှာ အလီဆွန်အစား ကွီမင်းကယ်လီဟာကို ပွဲထွက်စေခဲ့တဲ့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက်အပေါ် သံသယဖြစ်မိခဲ့တဲ့ အတွက် သူ့ကိုယ်သူ အရူးလို့ သမုတ်သွားခဲ့ပါတယ်။ ကယ်လီဟာဟာ လီဗာပူးရဲ့ လိဂ်ဖလားဖိုင်နယ် တက်ရောက်လာခဲ့တဲ့ လမ်းကြောင်းမှာ ပွဲအများစုကို ပွဲထွက်ကစားခဲ့သူ ဖြစ်ပြီး အလီဆွန်ကတော့ အာဆင်နယ်နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပါ၀င်ကစားခဲ့ပါတယ်။

ကလော့ဟာ ဖိုင်နယ်ပွဲစဉ် ဖြစ်ပေမယ့်လည်း ပထမဦးစားပေး ဂိုးသမား အလီဆွန်အစား ကယ်လီဟာကို ပွဲထွက်ခွင့် ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ပွဲချိန် မိနစ် ၁၂၀ အတွင်း ချဲလ်ဆီးရဲ့ အားထုတ်မှုတွေကို လက်စွမ်းပြ ကာကွယ်ပေးခဲ့တဲ့ အပြင် လီဗာပူးအတွက် နောက်ဆုံး ပင်နယ်တီကို ကန်သွင်းကာ ဟီးရိုးဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကာရေဂါက “သူ တကယ့်ကို ကောင်းခဲ့ပါတယ်။ ဒီပွဲဟာ ဘယ်သူမဆို အနိုင်ရသွားနိုင်တဲ့ ပွဲစဉ်ပါ။ ဒါဟာ တကယ့်ကို အကြိတ်အနယ် ဖြစ်ခဲ့တဲ့ ပွဲစဉ်ပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာ ကန်သွင်းခဲ့တဲ့ ပင်နယ်တီတစ်ချို့ဟာ တကယ့်ကို ကောင်းလွန်းခဲ့ပြီး နောက်ဆုံးမှာတော့ ဂိုးသမားတွေ အပေါ်မှာသာ မူတည်ခဲ့ပါတယ်။ ပွဲမခင်တုန်းက ကယ်လီဟာကို ပွဲထုတ်ခဲ့တဲ့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက် အပေါ် မေးခွန်းထုတ်ခဲ့တဲ့ ကျွန်တော်ဟာ အရူးပါပဲ။

သူဟာ အခုဆိုရင် ဟီးရိုး ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်ကြာသွားလေလေ ဘယ်သူက ဟီးရိုးဖြစ်မှာလဲလို့ မေးခွန်းထုတ်မိလေလေ ဖြစ်ပြီး သူဟာ ဟီးရိုးဖြစ်ခဲ့ပါတယ်။ လိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် နောက်ဆုံးပင်နယ်တီကို ကန်သွင်းခဲ့တာပါ။ ချဲလ်ဆီးဟာ တကယ်ကောင်းအောင် ကစားခဲ့ပါတယ်။ လီဗာပူးကလည်း ဒီလိုမျိုး ကစားခဲ့တာပါပဲ။ အရမ်းကို ကောင်းတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ရှုံးခဲ့တဲ့ အသင်းကတော့ ကံမကောင်းတာပါပဲ။” လို့ ဆိုခဲ့ပါတယ်။

 

ဆက်လက်ပြီး ကာရေဂါက ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ် (၁၁-၁၀) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူး၀စ်ဒီယက်ရဲ့ ကစားပုံကိုလည်း စိတ်လှုပ်ရှားမိတယ်လို့ ဆိုခဲ့ပါတယ်။ ဒီပွဲဟာ နှစ်ဘက်စလုံး ကြီးမားတဲ့ အခွင့်အရေးတွေနဲ့ အတူ မိနစ် ၁၂၀ အတွင်း ဂိုးမရှိသရေကျခဲ့ကာ သွင်းဂိုး ၄ ဂိုးထိ ပယ်ဖျက်ခံခဲ့ရပြီး တိုက်စစ် ကစားသမားတွေ အခွင့်အရေးကောင်းတွေ လွဲချော်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဂိုးသမား မန်ဒီကို လီဗာပူးတို့ မကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း ကာရေဂါက ဇန်နဝါရီမှာ ပေါ်တိုကနေ ခေါ်ယူထားခဲ့တဲ့ ဒီယက်ရဲ့ ဖိုင်နယ် ပွဲစဉ်က ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။

ကာရေဂါက “ဒီယက်ကို လီဗာပူးတို့ ဇန်နဝါရီမှာ ခေါ်ယူခဲ့ခြင်းဟာ တော့တင်ဟမ်က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာကြောင့်ပါ။ သူဟာ ရာသီတစ်ခုရဲ့ ဒီလို အဆင့်မှာ လီဗာပူးကို ကြီးမားတဲ့ ခြားနားမှုကို ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ဒီနေ့ပွဲစဉ်မှာ တအားကောင်းအောင် ကစားခဲ့ပြီး အကယ်၍ လီဗာပူးသာ သူ့ကို မခေါ်ယူခဲ့ဘူးဆိုရင် ဘယ်လို ဖြစ်သွားမလဲ စဉ်းစားကြည့်လိုက်ပါ။

ဂျိုတာဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခါစ ဖြစ်ပြီး ဖာမီနို ကလည်း မပါ၀င်နိုင်တာကြောင့် ခင်ဗျားအနေနဲ့ ဆာလား မာနေး တို့နဲ့အတူ မီနာမီနို ဒါမှမဟုတ် အိုရီဂီ တို့ကို အသုံးပြုသွားရမှာပါ။ အားလုံးသိကြတဲ့အတိုင်းပဲ ဒီကစားသမား ၂ ဦးဟာ ဒီယက်ရဲ့ level မှာ ရှိမနေပါဘူး။ ဒီကောင်လေးဟာ ဖလားတွေ စိန်ခေါ်နေတဲ့ လီဗာပူး အသင်းအတွက် ကြီးမားတဲ့ ခြားနားမှုကို ဖြစ်သွားအောင် လုပ်ပေးနိုင်ပါတယ်။

ဆာဒီယိုမာနေးကို အရင်လူစားလဲခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် သူ့ရဲ့ ကစားပုံ ဘယ်လောက် ကောင်းခဲ့တယ် ဆိုတာ သိနိုင်ပါတယ်။ ဒီယက်ဟာ ကွင်းထဲမှာ ချဲလ်ဆီးကို အမှန်တကယ် ခြိမ်းခြောက်သွားခဲ့ပါတယ်။ သူဟာ အခုမှ ၅ ပွဲ ၆ ပွဲသာ ကစားထားခဲ့သူ ဖြစ်ပြီး ဒီကာလအတွင်းမှာ သူဟာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ အနာဂတ် လီဗာပူးရဲ့ front three ဖြစ်လာမယ့် သူလိုမျိုးပါပဲ။” လို့ ချီးကျူးသွားခဲ့ပါတယ်။

SM