ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲ မတိုင်မီ ပေါင် ၅၁၆သန်း ကွာခြားမှု အကြောင်း ချဲလ်ဆီး အသင်းထံ သတိပေးလိုက်တဲ့ ပါးလ်မီးရက်စ် နည်းပြ အေဘယ်လ် ဖာရဲရား

ယနေ့ည ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ လက်ရှိ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်းနဲ့ လက်ရှိ တောင်အမေရိက ချန်ပီယံ ပါးလ်မီးရက်စ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ် ။

ဒီ ၂သင်း အကြားမှာ ကလပ် ငွေကြေး တန်ဖိုး ကွာဟမှု ကြီးကြီးမားမား ရှိပေမယ့် ၊ ဒါဟာ ယနေ့ည ယှဉ်ပြိုင်မှု အပေါ် ထူးထူးခြားခြား သက်ရောက်မယ့်ပုံ မပေါ်နေပါဘူး ။

သာမန်အားဖြင့် ဥရောပ ချန်ပီယံတွေဟာ ကမ္ဘာ့ကလပ်ဖလားတွေမှာ ဗိုလ်စွဲတတ်လေ့ရှိသလို ၊ ဗိုလ်စွဲဖို့လည်း ရေပန်းစားကြပေမယ့် ၊ ဘရာဇီး ကလပ်တွေဟာလည်း ကမ္ဘာ့ကလပ် ပြိုင်ပွဲမှာ ခေသူတွေ မဟုတ်ကြောင်း သမိုင်းကြောင်းတွေက အတိုင်းသား ဖော်ပြနေပါတယ် ။

 

ဒီနှစ် ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် ကလပ် ၂သင်း အကြား ကစားသမား ခေါ်ယူမှု ငွေကြေး တန်ဖိုး ကွာဟချက် ပေါင်သန်း ၅၀၀ ကျော် ရှိနေပေမယ့် ၊ ပါးလ်မီးရက်စ် ဟာ ချဲလ်ဆီးကို ရှိန်နေမှာ မဟုတ်ပဲ ၊ ဘရာဇီးကနေ ယူအေအီး အထိ လာရောက် အားပေးမယ့် ပရိသတ်ထုကြောင့် ပိုပြီး ရင်ခုန် စိတ်လှုပ်ရှားနေမှာ သေချာပါတယ် ။

ချဲလ်ဆီး ကတော့ ဆီမီးဖိုင်နယ်မှာ အာရှ ချန်ပီယံ ၊ ဆော်ဒီ ကလပ် အယ်လ်ဟီလယ် အသင်းကို လူကာကူရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့သာ ကပ်နိုင်ခဲ့ပြီး ၊ ကစားပုံကလည်း ထင်သလောက် အားရစရာမကောင်းခဲ့ပါဘူး ။

အားတက်စရာ တခုက နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ကိုဗစ် negative အဖြေ ထွက်ခဲ့ပြီးနောက် ၊ ယူအေအီးမှာ ရှိနေတဲ့ ချဲလ်ဆီး အသင်းနဲ့ မနေ့က ပြန်လည် ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ် ။

မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပါးလ်မီးရက်စ် နည်းပြ အေဘယ်လ် ဖာရဲရား က ချဲလ်ဆီး အသင်း ဟာ ၎င်းတို့ထက် ကစားသမား ခေါ်ယူမှု အပိုင်းမှာ ပေါင် ၅၁၆သန်း အထိ ပိုပြီး ရင်းနှီးမြှုပ်နှံထားပေမယ့် ၊ ၎င်းတို့ဟာ ချဲလ်ဆီးကို ရှိန်မနေပဲ ၊ ဗိုလ်လုပွဲမှာ အနိုင်ကစားဖို့ ကြိုးစားမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ် ။

ဖာရဲရား က ” ဖိအားနဲ့ အလေးပေးခံရတဲ့ အရာတွေ ရောက်လာတဲ့အခါ ၊ ဒါဟာ ခင်ဗျားတို့ အတွက်ပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၂ရက်က ပက်ဂွာဒီယိုလာ ဟာ ချဲလ်ဆီး အသင်းကို ကမ္ဘာ့ အကောင်းဆုံး အသင်း အဖြစ် အမွှမ်းတင် ချီးကျူးခဲ့ပါတယ် ။ သူတို့ဟာ ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ပြီး ၊ ဒီနေရာကို ရောက်လာဖို့ ထိုက်တန်ကြသူတွေပါ ။ ”

” ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အကြောင်း ပြောနေကြတာ ဖြစ်ပါတယ် ။ သူတို့သာ ရစ်သမ်မှန်နေရင် ၊ နိုင်ပွဲပြီး နိုင်ပွဲ ဆက်တတ်တာကို ခင်ဗျားတို့ မြင်တွေ့ဖူးကြမှာပါ ။ ဒီ အသင်းဟာ ဒီပြိုင်ပွဲကို ရောက်လာဖို့ ပေါင် ၅၄၅သန်း အသုံးပြုခဲ့ရပါတယ် ။ ”

” ကျွန်တော်တို့ ပါးလ်မီးရက်စ်ကတော့ ပေါင် ၂၉သန်းပဲ သုံးထားခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် အပါအဝင် ကစားသမားတွေ ယုံကြည်ထားတဲ့ ကွာဟမှု က ကျွန်တော်တို့ရဲ့ တန်ဖိုးပါပဲ ။ ကျွန်တော် ဆိုလိုတာက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ခြင်း ၊ လေးစားမှုရှိခြင်း ၊ အချင်းချင်း ရိုင်းပင်းကူညီခြင်း ၊ ရဲရင့်တဲ့စိတ် ရှိခြင်း စတဲ့အရာတွေ ဖြစ်ပါတယ် ။ ”

 

” ဒါတွေကို ရင်းပြီး မနက်ဖြန်မှာ ကျွန်တော် လောင်းကြေးထပ်မှာ ဖြစ်ပါတယ် ။ ဒါဟာ ပြိုင်ဖက် ကလပ်နဲ့ ယှဉ်လို့ရတဲ့ ကျွန်တော်တို့မှာ ရှိတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ် ။ အလေးပေး ခံရတဲ့ ကိစ္စကိုတော့ ခင်ဗျားတို့ မီဒီယာသမားတွေရဲ့ လက်ထဲမှာပါ ။ ဘောလုံးဟာ ကွင်းတွင်းမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေချည်းပဲ မဟုတ်တာ ကောင်းပါတယ် ။ ”

” ဘောလုံးမှာ လူအမြောက်အမြား ပါဝင်ပါတယ် ။ မနက်ဖြန်ပွဲမှာ ပါဝင်ခွင့်ရလို့ ကျွန်တော် အပါအဝင် အသင်းသားတွေ အားလုံး အရမ်း ကျေးဇူးတင်ကြပါတယ် ။ ဒီပွဲကို အနိုင်ရဖို့ ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့် ရှိပါတယ် ။ ကျွန်တော့မှာ အမြဲ ဖြစ်ပေါ်နေတဲ့ ဆန္ဒ က အကောင်းဆုံး အသင်းကို အနိုင်ရချင်တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR