PL မှာ တင်ကျန်ရစ်နိုင်ဖို့အတွက် ချဲလ်ဆီး ကစားသမားဟောင်းကို ခေါ်ယူရန် နယူးကာဆယ်ကို တိုက်တွန်းလိုက်တဲ့ ပေါလ်ရော်ဘင်ဆင်

နယူးကာဆယ် အသင်းဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွေ့မှာ ဘန်လေ ရဲ့ ခရစ်ဝုဒ် နဲ့ အက်သလက်တီကိုရဲ့ ကီရန်ထရစ်ပီးယား တို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားပြီး ဖြစ်ကာ လက်ရှိမှာ ဆီဗီလာ နောက်ခံလူ ဒီယေဂိုကားလို့စ် ၊ လေဗာကူဆင် ဘယ်နောက်ခံလူ ဘက်ကာ စတဲ့ သူတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဒီယေဂိုကော်စတာ ကိုလည်း ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

စပိန် တိုက်စစ်မှုးဟာ မကြာသေးမီကာ ဘရာဇီး ကလပ် အက်သလက်တီကိုမင်နိုင်းရိုး နဲ့ စာချုပ်ဖျက်သိမ်းခဲ့သူ ဖြစ်ပြီး လက်ရှိမှာ free agent ဖြစ်နေပါတယ်။ ဒီသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အင်္ဂလန် ဂိုးသမားဟောင်း ဖြစ်သူ ပေါလ်ရော်ဘင်ဆင်က နယူးကာဆယ် အနေနဲ့ ကော်စတာကို ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပြီး ချဲလ်ဆီး တိုက်စစ်မှုးဟောင်းဟာ the Magpies တို့ကို ပရီးမီးယားလိဂ်မှာ တင်ကျန်စေရန် ပိုမို အလားအလာ ရှိသွားစေမယ်လို့ ဆိုခဲ့ပါတယ်။

ကော်စတာဟာ ပြိုင်ဘက် နောက်ခံလူတွေကို ကောင်းကောင်း ဖိအားပေးနိုင်တဲ့သူ ဖြစ်ပြီး ၎င်းရဲ့ အဆုံးသတ်ကောင်းမွန်မှု ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုနဲ့ ခပ်ညစ်ညစ် ကစားမှုတွေဟာ ပြိုင်ဘက်တွေ အတွက်တော့ အိမ်မက်ဆိုး ဖြစ်ပါတယ်။ ရော်ဘင်ဆင်က ကော်စတာဟာ ထိပ်တန်းအဆင့်မှာ ဂိုးတွေ များစွာ သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ရှိနေသူ ဖြစ်တာကြောင့် ၎င်းကို နယူးကာဆယ်တို့ ဦးစားပေး ခေါ်ယူရမယ်လို့ ခံစားမိနေပါတယ်။

ရော်ဘင်ဆင်က “အကယ်၍ ကျွန်တော်သာ နယူးကာဆယ် ဆိုရင် ကျွန်တော် သူ့ကို မနက်ဖြန်ပဲ ခေါ်ယူသွားမှာပါ။ သူဟာ အမြင့်ဆုံး အဆင့်မှာ ဂိုးတွေ များစွာ သွင်းယူပြီး သက်သေထူထားခဲ့တဲ့ ကစားသမားပါ။ သူဟာ ထက်မြက်တဲ့ ကစားသမား ဖြစ်ပြီး ဖိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကစားသမားဟာ နယူးကာဆယ်ကို တန်းဆင်းဇုန်ကနေ လွတ်အောင် ကယ်တင်ပေးနိုင်ပါတယ်။

ဒီအချိန်မှာ နယူးကာဆယ် အတွက် သရေရလဒ်တွေဟာ ကောင်းမွန်တဲ့ ရလဒ် မဟုတ်ပါဘူး။ သူတို့ နိုင်ပွဲတွေ ရဖို့ လိုအပ်ပါတယ်။ ကော်စတာဟာ match-winner တစ်ဦးပါ။ ၀က်ဖို့ဒ်ကို သရေကျခဲ့တဲ့ ပွဲစဉ်တုန်းကဆိုရင် ဒီလို ကစားသမားဟာ ပွဲကို အဆုံးအဖြတ် ဖြစ်သွားစေနိုင်သူပါ။ အကယ်၍ ဒီယေဂိုကော်စတာလို character မျိုး ရှိနေတဲ့ ကစားသမားကို အ၀တ်လဲခန်းထဲမှာ ရလိုက်ပြီဆိုရင် ရုတ်တရက် တစ်သင်းလုံး အပြောင်းအလဲ ဖြစ်သွားမှာပါ။ သူဟာ နယူးကာဆယ်ကို မျှော်လင့်ချက်တွေ ပေးနိုင်ပါတယ်။

ကျွန်တော်သာ ဆိုရင်တော့ သူ့ကို ချက်ချင်း ခေါ်ယူဖို့ ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ ကလည်း ကော်စတာကို နှစ်သက်ကြမယ် ဆိုတာ သေချာပါတယ်။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား တစ်ဦးပါ။” လို့ ဆိုခဲ့ပါတယ်။

SM