#Breaking_News: ဘာစီလိုနာ ကို ရောက်ရှိနေပြီ ဖြစ်တဲ့ အူဘာမီးယန်း

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှုး အူဘာမီးယန်း ဟာ အပြောင်းအရွှေ့ နောက်ဆုံး အချိန်မှာ ဘာစီလိုနာ ကို ပြောင်းရွှေ့ ကစားဖို့ အတွက် ဒီညနေပိုင်း ကပဲ ကတ်တလန် ဒေသ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မှာ ကတည်းက သူ့ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး နှစ်ဖက်ကလပ် တာဝန်ရှိသူတွေ အပြင် ၊ ကစားသမား ကိုယ်စားလှယ်တွေပါ မျက်နှာချင်းဆိုင်ကာ ဝိုင်းဝန်း အဖြေရှာခဲ့ကြပါတယ်။

အဓိက အတားအဆီး ဖြစ်နေတဲ့ အချက်ဟာ လက်ရှိ ရရှိနေတဲ့ တစ်ပတ် လုပ်ခ ပေါင် 350000 ပမာဏ ဖြစ်ပြီး ၊ အဲဒီ အပိုင်းကို ဘယ်သူက ပေးချေမှာလဲ ဆိုတဲ့ ကိစ္စအပေါ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ အာဆင်နယ် ဟာ အူဘာမီးယန်း ကို အငှားချလိုက်တဲ့ အတွက် အငှားချခတောင် ပြန်ရမှာ မဟုတ်ဘူးလို့ သိရသလို ၊ ဘာစီလိုနာ ဘက်ကလဲ ကစားသမား ရဲ့ လစာ ကို အပြည့်အ၀ ပေးချေနိုင်ခြင်း မရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီ ကိစ္စကို အပေါ် ဘယ်လို ဖြေရှင်းခဲ့ကြလဲ ဆိုတာ တိကျတဲ့ အဖြေမျိုး ပေါ်ထွက်လာခြင်း မရှိပေမယ့် ၊ ကတ်တလန် အခြေစိုက် သတင်းတွေ ကတော့ ဂါဘွန် တိုက်စစ်မှုး ကိုယ်တိုင်က လစာလျှော့ပြီး ယူဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အခု အပြောင်းအရွှေ့မှာ အပြီးသတ် ခေါ်ယူမယ့် မည်သည့် အချက်လက်မျိုးကိုမှ ထည့်သွင်းထားခြင်း မရှိပါဘူး။

အစောပိုင်းမှာ ဘာစီလိုနာ ဟာ ယူဗင်တပ် အသင်းရဲ့ တိုက်စစ်မှုး မိုရာတာ ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ၊ နောက်ဆုံး အူဘာမီးယန်း ကိုပဲ ခေါ်ယူဖို့ ဖိဖိစီးစီး နဲ့ ကြိုးစားလာခဲ့တာပါ။ နည်းပြ ဇာဗီဟာ ကစားမားကို ပြောင်းရွှေ့လာဖို့ အကောင်းဆုံး စည်းရုံး နိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြလျှက် ရှိနေပါတယ်။

လက်ရှိ အနေအထားထိတော့ ဘာစီလိုနာ ဟာ သူတို့ရဲ့ လစာပေး ချေမှု ကန့်သတ်ချက်တွေ များနေတဲ့ အကြောင်းအရင်းကို ဘယ်လို ဖြေရှင်းသွားမလဲ မသိရသေးပါဘူး။

အူဘာမီးယန်း က လစာလျှော့ယူပေးတဲ့ ပမာဏဟာ အသင်းက မှတ်ပုံတင်နိုင်ခွင့် ဘောင်အတွင်းအထိ ဝင်ရောက်နိုင်ရဲ့လား ၊ အခြား ကစားသမား တစ်ချို့ နဲ့ ညှိယူဖို့ လိုသေးလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

ကတ်တလန် သတင်းတွေ အားလုံးကတော့ အူဘာမီးယန်း ဟာ ဘာစီလိုနာ ကစားသမားသစ် သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ရေးသားနေကြပါပြီ။

ဘာစီလိုနာ ဟာ လက်ရှိ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် က ကစားသမားတွေ ဖြစ်တဲ့ ဖာရန် တောရက် ၊ အဒမာ ထရာအိုရေး ၊ အူဘာမီးယန်း တို့ ကို ထူးထူးခြားခြား အားဖြည့်ထားပါတယ်။

ထရာအိုရေး ကိုလဲ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ဝုဖ် ကနေ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ကာ ၊ အလားတူ ပုံစံမျိုး အတိုင်း လစာ လျှော့ယူပေးဖို့ စည်းရုံး နိုင်ခဲ့ပါတယ်။

ဘယ်လို အနေအထားတွေ ပဲ ဖြစ်ဖြစ် ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းတွေ အကြားက အခုလို အပြောင်းအရွှေ့ ကာလမျိုးမှာ ကစားသမားသစ်တွေ ကို ခေါ်ယူ ဖြည့်တင်းနိုင်ခဲ့တဲ့ လာပေါ်တာ ရဲ့ လုပ်ရပ် ကို အသိအမှတ် ပြုရမှာပါ။ နည်းပြ ဇာဗီ ကလဲ ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အရေး မျှော်မှန်းကာ စွန့်စားခန်းတွေ ဆက်တိုက် ဖွင့်လျှက် ရှိနေပါတယ်။