#Agreement: ဗလာဟိုဗစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ယူဗင်တပ်

ယူဗင်တပ် ဟာ ဖီအိုရင်တီးနား အသင်းရဲ့ တိုက်စစ်မှုး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း Sky Sports Italia က ဒီညနေပိုင်းမှာ အခိုင်အမာ ဖော်ပြလိုက်ပါတယ်။

တကယ်တော့ အီတလီ က ဒီမနက်ထုတ် အားကစား သတင်းစာတွေ မှာ ကတည်းက ယူဗင် ကို ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားခဲ့ကြတာ ဖြစ်ပါတယ်။

Corriere Dello Sport သတင်းစာ ကတော့ ဆားဘီးယား တိုက်စစ်မှုးဟာ ယူဗင်တပ် ကိုပဲ ပြောင်းရွှေ့ချင်နေတာကြောင့် အာဆင်နယ် ၊ စပါး နဲ့ နယူးကာဆယ် က ကမ်းလှမ်းမှုတွေကိုတောင် လက်ခံ စဉ်းစားပေးခဲ့ခြင်း မရှိဘူးလို့ ရေးသားထားပြီး ၊ တကယ့် လက်တွေ့မှာလဲ သူ့ ကစားချင်တဲ့ ကလပ်မှာ ကစားခွင့် ရတော့မယ်လို့ ဖော်ပြသွားခဲ့ ပါတယ်။

ဖီအိုရင်တီးနား အသင်းရဲ့ အားကစား ဒါရိုတ်တာ Daniele Prade ကတော့ လက်ရှိ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ နဲ့ ပတ်သက်လို့ သူတို့ ရဲ့ သဘောထားကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြထားခဲ့ ပါတယ်။

“ ဈေးကွက်က ဇန်နဝါရီ 31 ရက်မှ ပိတ်သိမ်းမှာပါ။ ဒါကြောင့် ဘာမှ ထပ်ဖြစ်မလာတော့ဘူးလို့ ကျနော်တို့က အခိုင်မာကြီး မပြောထားရဲပါဘူး။ အချိန်နဲ့ အမျှ ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေ အတွက် ကျနော်တို့က အခါအားလျော်စွာ ပြင်ဆင်ထားပါတယ်။

ဗလာဟိုဗစ် အတွက်ဆိုရင် လေးလေးနက်နက် နဲ့ ချဉ်းကပ်လာတဲ့ ကမ်းလှမ်းမှုတွေကိုတောင် လက်ခံရရှိထားတာပါ။ ဒါပေမယ့် သူ့ရဲ့ အေးဂျင့်ဆီက ဘာတုန့်ပြန်မှုမှ မကြားခဲ့ရပါဘူး။ ကျနော်တို့ ဘက်ကတော့ ပွင့်ပွင့်လင်းလင်းပဲ အမြဲတမ်း ချပြပါတယ်။

ဘာလို့ ဒီအကြောင်းတွေကို ထည့်ပြောရလဲ ဆိုတော့ ကာကံရှင် ကစားသမား ကိုယ်တိုင် နဲ့ သူ့ရဲ့ အေးဂျင့်က ဘာတွေ လိုချင်တာလဲ ဆိုတာ နားလည်ထားချင်လို့ပါ။ တစ်ချိန်တည်းမှာ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ရင် သူ့ကို စာချုပ် သက်တမ်း တိုးထားရမယ့် တာဝန်က ရှိနေသေးတယ်လေ။

ကျနော်တို့ ဘက်ကတော့ ဘယ်နေရာက ထားထားရပါတယ် ၊ ပြီးတော့ သူတို့ရဲ့ ဆန္ဒကိုလဲ လုံး၀ ပိတ်ပင်သွားမှာ မဟုတ်ပါဘူး” လို့ အင်တာဗျူး တစ်ခုမှ ဖြေကြားထားခဲ့ ပါတယ်။

ဗလာဟိုဗစ် ဟာ 2021 ခုနှစ် အတွင်း စုစုပေါင်း 43 ပွဲ အထိ ပါဝင် ကစားခဲ့ကာ သွင်းဂိုးပေါင်း 33 ဂိုး အထိ ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ဆိုရင် စီးရီးအေ ပွဲ 21 ပွဲ ပါဝင် ကစားထားကာ ၊ 17 ဂိုး သွင်းယူထားပါတယ်။

Sky Sports Italia ကတော့ ယူဗင်တပ် နဲ့ ဖီအိုရင်တီးနား တို့ အကြား ပြောင်းရွှေ့ကြေး ယူရို 75 သန်း နဲ့ အပြီးသတ် သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါ ယူရို 75 သန်း အတွက် ဘယ်လို ပုံစံမျိုး နဲ့ ငွေပေးချေမလဲ ဆိုတဲ့ Payment ပုံစံကို ဆွေးနွေးနေသလို ၊ ကစားသမား နဲ့ စာချုပ်ဆိုင်ရာ အချက်လက်တွေလဲ ဆွေးနွေးနေတယ်လို့ နားလည်ရပါတယ်။

La Gazzetta Dello Sport သတင်း မှာတော့ ဗလာဟိုဗစ် ဟာ တစ်နှစ် လုပ်ခ ယူရို 7 သန်း နဲ့ 5 နှစ် ခွဲ စာချုပ် ချုပ်ဆိုလိမ့်မယ် လို့ ဖော်ပြထားပါတယ်။

သတင်းတွေ အားလုံး အရတော့ အပြောင်းအရွှေ့ ပေါ်ပေါက်လာဖို့ အတွက် အလားအလာကောင်းနေတာ သေချာသလို ၊ မကြာခင်မှာပဲ တရားဝင် ကြေငြာချက်တွေ ထုတ်ပြန်ကြလိမ့်မယ် ထင်ပါတယ်။

အစောပိုင်းမှာ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အာဆင်နယ် အနေနဲ့တော့ အခြား ပစ်မှတ် တစ်ခုကို ပြောင်းလဲ ချိန်ရွယ်ဖို့ သေချာ သလောက် ရှိနေပါပြီ။ သူတို့ရဲ့ ဦးစားပေး စာရင်းမှာ အဲဗာတန် တိုက်စစ်မှုး ကယ်ဗတ် လီဝင် ၊ ဆိုစီဒက် တိုက်စစ်မှုး အိုင်ဆက် တို့ ပါဝင်နေပါတယ်။

SM