2021 ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား စာရင်းမှာ မို ဆာလာ ကို ချန်ထားခဲ့လို့ အကြီးအကျယ် ဝေဖန် ခံနေရတဲ့ BBC က Garth Crooks

BBC ဟာ သူတို့ တင်ဆက်နေကြ ပုံစံ အတိုင်း နှစ်တစ်နှစ် ပြီးဆုံးတာ နဲ့ သူတို့ သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ အားကစား ကလောင်ရှင်တွေ ၊ ရုပ်သံ တင်ဆက်သူတွေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး 11 ယောက် စာရင်း ကို ထုတ်ပြန် ကြေငြာလေ့ရှိပါတယ်။

ကလောင်ရှင်တွေ အကြား တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ကွဲပြားကြတာ ပရိသတ် က လက်ခံပေမယ့် ၊ တကယ် ပါသင့်တဲ့ ကစားသမားမျိုး ပါမလာရင်တော့ ဝေဖန်မှုတွေ က ချက်ခြင်း အပေါ်ထွက်လာတာပါ။ အထူးသဖြင့် ဆိုရှယ်မီဒီယာ အားကောင်းနေတဲ့ အခုချိန်မျိုးမှာ ပိုပြီးတော့တောင် ပွင့်လင်းလွန်း ပါတယ်။

Garth Crooks ကတော့ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး လို့တင် မဟုတ်ပဲ ၊ ကမ္ဘာ့အကောင်းဆုံး လို့ပါ တင်စားနေကြတဲ့ လီဗာပူး တိုက်စစ် ကစားသမား မို ဆာလာ ကို သူ့ရဲ့ 2021 အကောင်းဆုံး စာရင်းကနေ ချန်ထားခဲ့တာကြောင့် လီဗာပူး ပရိသတ်တွေ ရဲ့ ဝိုင်းဝုန်းခြင်း ကို ခံရလျှက် ရှိနေပါတယ်။

ဆာလာ ဟာ လက်ရှိ ဘောလုံးရာသီ မှာ ပရီးမီးယားလိဂ် 15 ဂိုး သွင်းယူပြီး ၊ ဂိုးဖန်တီးမှု 19 ကြိမ် လုပ်ဆောင်ထား ကာ ၊ သွင်းဂိုး အများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး စာရင်းတွေမှာကို ဦးဆောင်နေတာပါ။ နာမည်ကြီး ရုပ်သံ ဝေဖန် သုံးသပ်သူတွေ ဖြစ်တဲ့ ကာရေဂါ နဲ့ နဗီး တို့ တောင် ဒီရာသီ အကောင်းဆုံး ကစားသမား အဖြစ် ဆာလာ ကို အငြင်းပွားစရာ မရှိ ရွေးချယ်သွားခဲ့ကြပါတယ်။

သို့သော် Garth Crooks ကတော့ သူတို့ရဲ့ အကောင်းဆုံး 11 ယောက် စာရင်း ကို အောက်ပါ အတိုင်း ရွေးချယ်သွားခဲ့ ပါတယ်။

 

ဂိုး – အီဒါဆင်
နောက်တန်း – အာနိုး ၊ ဒီယက်ဇ် ၊ ရူဒီဂါ
အလယ်တန်း – ရီးစ် ဂျိမ်း ၊ ဒက်ကလန် ရိုက်စ် ၊ ဂွန် ဒိုဂန် ၊ ဘာနာဒို ဆေးဗား
ရှေ့တန်း – မိုက်ကယ် အန်သိုနီယို ၊ ဆာကာ ၊ ဖိုဒန်

အင်္ဂလန် ဘောလုံး ပရိသတ် အများစု က Garth Crooks ရွေးချယ် တဲ့ ပို့စ်အောက်မှာ BBC ဟာ ဒီလို လူတစ်ယောက် ကို ပိုက်ဆံပေးပြီး အလုပ်ခန့်ထားတယ် ဆိုတာမျိုး ၊ ဘောလုံး အကြောင်း နားလည်တဲ့သူတွေပဲ ရွေးချယ်ခိုင်းသင့်တယ် ဆိုတဲ့ မှတ်ချက်မျိုးတွေ နဲ့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ဆာလာ ဟာ 2021 ခုနှစ် အတွင်း ပရီးမီးယားလိဂ် သွင်းဂိုး 24 အထိ သွင်းယူပြခဲ့ပြီး ၊ စွမ်းဆောင်ရည် အားဖြင့် ကြည့်မယ် ဆိုရင် Garth Crooks ရွေးချယ်သွားတဲ့ တိုက်စစ် ကစားသမားတွေ အားလုံးထက်တောင် သာလွန်ခဲ့ပါတယ်။

SM