၁၀ ယောက်ကျန် အာဆင်နယ်ကို အနိုင်မကစားနိုင်ခဲ့တဲ့ ပွဲမှာ လီဗာပူးတို့ ဘာတွေ လိုအပ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ကလော့

မနေ့ညက အန်ဖီးမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးဟာ အာဆင်နယ်ကို အနိုင်ရဖို့အတွက် လုံလောက်အောင် မကစားနိုင်ခဲ့ဘူးလို့ ယာဂန်ကလော့က ၀န်ခံသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး နည်းပြက သူ့ရဲ့ အသင်းဟာ လာမည့် တစ်ပတ်မှာ ကစားရမယ့် ဒုတိယအကျော့မှာ အနိုင်ရဖို့ အတွက် မျှော်လင့်ချက်တော့ ရှိနေသေးတယ်လို့ အကောင်းမြင်နေပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ အာဆင်နယ်ရဲ့ ဇာခါ ထုတ်ပယ်ခံခဲ့ရတာကြောင့် လီဗာပူးဟာ လက်ကျန်ပွဲချိန်ကို တစ်ယောက်အသာနဲ့ကစားခဲ့ရပေမယ့်လည်း လုံလောက်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့တဲ့ အပြင် မီနာမီနို ကလည်း အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာကြောင့် ၀-၀ နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကလော့က “အသင်းရဲ့ ပွဲစတင်ပုံကို ကျွန်တော် တကယ် ကြိုက်ခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်တော်တို့ မြင်ချင်တဲ့ အတိုင်း အရာအားလုံးကို တွေ့ခဲ့ပါတယ်။ အဲဒီနောက် ပြိုင်ဘက် အနီကတ် ထိသွားချိန်မှာ ကျွန်တော်တို့ low block နဲ့ ကစားခဲ့ရပါတယ်။ ပုံစံကောင်း ပြသနေတဲ့ အသင်းရဲ့ low block နဲ့ ရင်ဆိုင် ကစားရတာဟာ ခက်ခဲပါတယ်။ ကျွန်တော်တို့ကလည်း ဆုံးဖြတ်ချက် အမှားတစ်ချို့ကို လုပ်ခဲ့ပြီး တအားကို လောနေခဲ့ပါတယ်။ အနီကတ် ဖြစ်ပြီးနောက် ရုတ်တရက် ဖိအားတွေ တိုးလာခဲ့တဲ့ ပုံစံပါပဲ။ ဒါဟာ အဓိပ္ပာယ်တော့ မရှိပါဘူး။ ဒါပေမယ့် လူသားတွေ ဆိုတော့ ဒါကို အပြစ်ပြောလို့ မရပါဘူး။

ကျွန်တော်တို့ဟာ ဒီညမှာ အနိုင်ရဖို့ အတွက် တိုက်စစ်ဆင်ပေမယ့် ရုတ်တရက် ဆိုသလို တစ်စုံတစ်ရာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဒီလို ဖြစ်နေခဲ့တာပါ။ အဲဒီနောက် ဒုတိယပိုင်းမှာ အပြောင်းအလဲ တစ်ချို့ လုပ်ခဲ့ပါတယ်။ သူတို့ ကျွန်တော်တို့ကို ခံစစ် ကစားနေတဲ့ ပုံစံကို ပြောင်းလဲချင်ခဲ့ပါတယ်။ ကာတစ်လို အလိမ်အခေါက် ကောင်းတဲ့ ကစားသမားကို ထည့်သွင်းလိုက်ချိန်မှာ သူတို့ကို ဖိအားပိုပေးနိုင်ခဲ့ပါတယ်။ ညာခြမ်းက နီကိုလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် အချိန်အကြာကြီး ၁၀ ယောက်နဲ့ ကစားခဲ့ရတဲ့ အာဆင်နယ် ဘက်ကို ကျွန်တော်တို့ လုံလောက်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ ရှင်းလင်းပါတယ်။

ဒါဟာ ဖလား ပြိုင်ပွဲပါ။ ၂ ကျော့ ကစားရတာဖြစ်ပြီး အခုမှ half-time ပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ အာဆင်နယ် အနေနဲ့ ပိုကောင်းတဲ့ အနေအထား ရောက်နေပြီလို့ ခံစားရနိုင်ပေမယ့် ကျွန်တော်တို့ ကတော့ ဒီ tie ဟာ ပြီးသွားပြီလို့ မထင်ပါဘူး။ ကျွန်တော်တို့ လာမည့် တစ်ပတ်မှာ နောက်ထပ် ကောင်းမွန်တဲ့ ကြိုးစားမှုကို လုပ်သွားမှာပါ။”

မာနေး နဲ့ ဆာလား တို့ကို အနည်းဆုံး ဇန်နဝါရီ တစ်လလုံး လက်လွှတ်သွားရမယ့် အရေးဟာ ကြီးမားတဲ့ ဆုံးရှုံးမှုလား ဆိုတဲ့ မေးခွန်းကို ကလော့က “မာနေး ဆာလား နဲ့ ကီတာ တို့ကို miss မဖြစ်တဲ့ အသင်း မရှိနိုင်ပါဘူး။ အမှန်ပါပဲ။ ကျွန်တော်တို့ သူတို့ကို miss ဖြစ်နေပါတယ်။ ဒီလို နှစ်တွေမှာ ဒါမျိုး ဖြစ်နိုင်တယ် ဆိုတာတော့ ကြိုသိထားပြီးသားပါ။ ဒါနဲ့ပက်သက်ပြီး ပိုကောင်းအောင် ပြင်ဆင်ထားသင့်သလား? ကျွန်တော်လည်း မသိပါဘူး။

ကျွန်တော်တို့ ဒီညမှာ ဘောလုံးနဲ့ ပက်သက်တဲ့ ပြသနာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ဟာ တစ်စုံတစ်ရာ အတွက် အကောင်းဆုံး တိုက်ပွဲ၀င်ခဲ့တယ် ဆိုတာတော့ ကျွန်တေ်ာတို့ မေ့မထားသင့်ပါဘူး။ ဒီညမှာ အာဆင်နယ်ဟာ တကယ့်ကို ရလဒ်ကောင်း ရယူချင်တဲ့ ဆန္ဒပြင်းထန်မှုကို ပြသခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ ၀-၀ ဖြစ်ခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

SM