ဦးဆောင်ဂိုးတွေ မထိန်းနိုင်လို့ စိတ်ပျက်ပေမယ့် ၊ ဂိုးသမား ကယ်လာဟာ ကို ချီးကျူးသွားခဲ့တဲ့ ဗန်ဒိုက်

လီဗာပူး ဟာ ဒီနှစ် ဘောလုံးရာသီမှာ ချဲဆီး နဲ့ တွေ့ဆုံတိုင်း အနိုင် ရလာဒ်ကို ဖန်တီးနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ ပါဘူး။

ပထမ အကျော့ အန်ဖီးလ်မှာ ကစားခဲ့စဉ် အချိန်ကလဲ ဒုတိယပိုင်း တစ်ယောက် အသာ နဲ့ ကစားခဲ့ရသည့်တိုင်အောင် အနိုင်ဂိုး ကို ရှာဖွေနိုင်ခြင်း မရှိပဲ သရေရလာဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ထိုနည်းတူစွာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ စတမ်းဖို့်ဘရစ်ချ် က ပွဲစဉ်မှာလဲ စောစောစီးစီး 2-0 ရလာဒ် အထိ ဦးဆောင်နိုင်ခဲ့သည့်တိုင်အောင် ပထမ ပိုင်းမှာပဲ ချေပဂိုးတွေ ဆက်တိုက် ပြန်ပေးလိုက်ရတဲ့ အတွက် ၊ သရေပဲ ဖြစ်သွားခဲ့ ပြန်ပါတယ်။

“ စိတ်ပျက်တာပေါ့ဗျာ….. 2-0 နဲ့ ဦးဆောင်ထားပြီးမှတော့ ချေပဂိုးတွေ ကို အဲဒီလောက်ထိ ပထမပိုင်းမှာတင် မြန်မြန်ဆန်ဆန် မပေးလိုက်ရချင်ပါဘူး။ အဲဒါကြောင့်လဲ သူတို့ ကစားပုံက ပြန်ပြီး အချိတ်အဆက် မိလာတာပါ။ ကံမကောင်းစွာနဲ့ပဲ ဒါမျိုးတွေက ကွင်းထဲမှာ ဖြစ်တတ်ပါတယ်။ ကိုဗာဆစ် သွင်းသွားတဲ့ ဂိုးက အရမ်းကို ကောင်းသလို ၊ ချီးကျူးစကားတောင် ဆိုပေးရမှာပါ။ အဲဒီ ဂိုးကြောင့် ချဲဆီး ကစားသမားတွေ ယုံကြည်မှု ပြန်အားကောင်းလာပြီး ပထမပိုင်း မပြီးခင်လေးမှာပဲ ဒုတိယဂိုး သွင်းသွားတာ ဖြစ်ပါတယ်။

ကျနော်တို့ ကလဲ ပြာယာခတ် မသွားအောင်တော့ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကိုယ့်အတွက် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ် ၊ သူတို့က ဆက်တိုက်ဖိအားပေး ကစားဖို့ ကြိုးစားလာသည့်တိုင်အောင် ကောင်းကောင်း တုန့်ပြန်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေ အတွက်တော့ ပွဲကောင်း တစ်ပွဲကို ကြည့်လိုက်ရတာပေါ့ဗျာ။ ကျနော်တို့ကလဲ အနိုင်သုံးမှတ်ကို ရည်ရွယ်ပြီးမှ ဒီကို ရောက်လာခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ ဗန်ဒိုက် က မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ကလော့ပ် ရဲ့ လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကြိတ်အနယ် ဖြစ်ခဲ့တဲ့ ချဲဆီး ၊ မန်စီးတီး တို့နဲ့ တွေ့ဆုံတိုင်း တစ်ပွဲမှ အနိုင်ယူပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် လက်ရှိ အမှတ်ကွာဟလွန်းနေတဲ့ အချက်ကို မှီအောင် လိုက်ပြနိုင်ပါတော့မလား ဆိုတာ စိုးရိမ်ဖို့ ကောင်းလွန်းနေပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုဗစ် နဲ့ ဒဏ်ရာပြသနာတွေ နှိပ်စက်နေသလို ၊ အာဖရိက ဖလား ပြိုင်ပွဲထံ အဓိက ကစားသမား သုံးယောက် စေလွှတ်လိုက်ရပြန်ပြီ ဖြစ်တာကြောင့် လီဗာပူး ရဲ့ ကစားသမား အင်အား က ပိုပြီးတောင် အားနည်းသွားခဲ့ပါတယ်။

သို့သော် ဗန်ဒိုက် ကတော့ “ ယုံကြည်ချက်တွေ ဆက်ပြီး ထားဖို့ အတွက် ဘယ်တုန်းကမှ အခက်ခဲ မရှိပါဘူး။ အမှတ်ကွာဟချက်က အရမ်းကို ကြီးလွန်းတာမို့ ၊ လက်ရှိ အခိုက်အတန့်မှာ သူတို့ပဲ စိုးမိုးသွားပြီလို့ ပြောကောင်း ပြောလို့ ရပါတယ်။ ဒါပေမယ့် ဘာမဆို ဖြစ်လာနိုင်ဆဲပဲလေ။

ကျနော်တို့ အမှတ်ပေးဇယား ကို ဦးဆောင်တုန်းကလဲ အမှတ်ကွာဟချက်တွေ အကြီးကြီး ရှိခဲ့သည့်တိုင်အောင် ၊ ခြေချော်ပြီး နောက်ကနေ ကျော်တက်တာ ခံထားရတာ မဟုတ်လား။ ဒါကြောင့်မို့ အားလုံးက ဖြစ်နိုင်ချေ ရှိနေဆဲပါပဲ။

ကျနော်တို က ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ်ကိုပဲ အာရုံစိုက်ထားမှာ ဖြစ်သလို ၊ ချဲဆီး ကလဲ ဒီအတိုင်းပဲ ဖြစ်မှာပါ။ ပွဲတွေ ကစားမယ် ၊ အနိုင်ရလာဒ်ကို ကြိုးစားဖော်ဆောင်မယ်ပေါ့။ ပါးစပ်နဲ့ ပြောရတာ လွယ်ပေမယ့် ၊ တကယ်တမ်း ကြိုးစားကြည့်တဲ့ အခါကျရင် ထင်သလောက် မလွယ်ဘူး ဆိုတာ ဒီညပွဲက သက်သေပဲ မဟုတ်လား” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဂိုးသမား အလီဆွန် ကိုဗစ် ပိုး ကူးစက် ခံလိုက်ရတဲ့ အတွက် မနေ့ညက ပွဲမှာ ကာရာဘောင် သူရဲကောင်း ကယ်လာဟာ ကို ပွဲထုတ် ကစားစေခဲ့ပါတယ်။ ချာတိတ်ဟာ ချေပဂိုး တွေ ဆက်တိုက် ပေးလိုက်ရတယ် ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်း အရ အပြစ်ပြောစရာ မရှိအောင် ကို ကောင်းလွန်းခဲ့တာပါ။

ဒါကြောင့်လဲ ဗန်ဒိုက် ကိုယ်တိုင်က လူငယ် ဂိုးသမားလေးကို အခုလို ချီးကျူး စကား ဆိုသွားခဲ့ ပါတယ်။

“ ကျနော် က သူ့ရဲ့ ပရိသတ် အကြီးစားကြီး တစ်ယောက်ပါ။ ဂိုးသမားကောင်း တစ်ယောက် ဖြစ်သလို ၊ အလီဆွန် ဆီကနေ သင်ယူမှုတွေလဲ ကောင်းကောင်း လုပ်နေတယ်လို့ ပြောလို့ ရပါတယ်။ ဘောလုံး လာတဲ့ လမ်းကြောင်း အပေါ် ယုံကြည်ချက် ကောင်းတယ် ၊ ဟန် အပြည့်ရှိသလို ၊ အပိုင် အလုံးတွေတောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဒီလို ကိုဗစ် ကိစ္စတွေ ရှုပ်ထွေးလာချိန်မှာ သူ့ ရဲ့ အကူအညီတွေ အရမ်းလိုအပ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ နှစ်ဂိုး ပေးလိုက်ရတယ်ဗျာ။ ပထမ ဂိုးကတော့ ဘယ်သူမှ ဖမ်းနိုင်မှာလဲ မဟုတ်ပါဘူး။ နောက်ပွဲမှာ ဒီထက် ပိုကောင်း လက်စွမ်းတွေ နဲ့ မြင်ချင်ပါသေးတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM