အူဘာမီယန်း ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းထံ ပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ ဂျာမိန်းပီးနန့်

ဂန်းနား တောင်ပံ ကစားသမားဟောင်း ဂျာမိန်းပီးနန့် က အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ် အသင်းကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးသွား ခဲ့ပါတယ် ။

အူဘာမီယန်း ဟာ ပြည်ပ ခရီးထွက်ခွာပြီး အာဆင်နယ် အသင်း သဘောတူ သတ်မှတ်ထားတဲ့ အချိန်မှာ အချိန်မှီ ပူးပေါင်း နိုင်ခဲ့ခြင်း မရှိတာကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရတာလည်း ၆ ပွဲဆက်တိုက် ရှိသွားခဲ့ပါပြီ ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း မပါဝင်နိုင်တဲ့ ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ၅ ပွဲ ဆက်တိုက် အနိုင် ရခဲ့ပြီး ဂိုး ၂၀ အထိ သွင်းယူခဲ့ကာ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမှပဲ ရှုံးပွဲ ကြုံတွေ့ ထားခဲ့ရပါတယ် ။

အခု အခါမှာတော့ အူဘာမီယန်း ဟာ အာဖရိက နိုင်ငံများ ဖလားအတွက် ဂါဘွန် လက်ရွေးစင် အသင်း နဲ့ သွားရောက် ပူးပေါင်းနေ​ပြီ ဖြစ်ပါတယ် ။ ပီးနန့် ကတော့ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းမှာ နေရာ ပြန်ရမှာမဟုတ်ကြောင်း သုံးသပ်လိုက်ပြီး အသင်းပြောင်းဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

ပီးနန့် က Stadium Astro မှာ ” ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအတွက်ကတော့ ဘာတွေပဲ ဖြစ်ဖြစ် ဘောလုံး ကစားချင်ကြတာပါပဲ ။ အူဘာ အတွက်တော့ အာဆင်နယ် မှာ ပြန်ကစားခွင့် မရဘဲ အပတ်တိုင်းမှာ အသင်းဖော်တွေ ကစားတာကိုပဲ အိမ်ကနေ ထိုင်ကြည့်ချင်နေမှာ မဟုတ်ပါဘူး ။ ”

” သူလည်း ဘောလုံး ကစားချင်မှာ အသေအချာပါပဲ ၊ သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ ဒါကိုလည်း သူ ထပ်မံ သက်သေပြချင်မှာ အသေအချာပါပဲ ၊ နောက်ထပ် အသင်း တစ်သင်းကို ပြောင်းတာက သူ့အတွက် အခွင့်အရေး ပါပဲ ။ ”

” ကပ္ပတိန် အဖြစ်ကနေ ဖယ်ရှား ခံရတဲ့ အခြေအနေကနေ ပြန်လာနိုင်မယ်လို့ မထင်ပါဘူး ၊ သူ ပွဲထွက် ကစားခွင့် ပြန်ရမှာ မဟုတ်ဘူး ဆိုတာ ပွဲ ကစားခွင့် များများစားစား ရမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ် ။ ”

” ဒါက နယူးကာဆယ် အသင်း အတွက် အခွင့်အလမ်း ကောင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နယူးကာဆယ် အသင်းဟာ အူဘာမီယန်း ကို ကနဦး အငှား နဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ပေါင် သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SM