အိုရီဂီ ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာသူတို့ရဲ့ တိုက်စစ်ကို ထပ်မံ အားဖြည့်ဖို့ အတွက် လီဗာပူး တိုက်စစ်မှုး အိုရီဂီ ၊ ဘုန်းမောက် တိုက်စစ်မှုး ဆိုလန်ကီ နဲ့ နော့ဝှစ်ချ်မှာ ပုံမှန် နေရာရဖို့ ရုန်းကန်နေရတဲ့ ကန့်ဝဲလ် တို့ကို ခေါ်ယူဖို့ အရှိန်မြှင့် လိုက်ပါတယ်။

နယူးကာဆယ် ရဲ့ စောင့်ကြည့်စာရင်းမှာ အာဆင်နယ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် လူငယ် တိုက်စစ်မှုး အန်ခီတီးယား လဲ ပါဝင်နေသော်လဲ ၊ အသင်းနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ကစားသမားမျိုးကို ဦးစားပေး ချိန်ဆလျှက် ရှိနေပါတယ်။

လက်ရှိ တိုက်စစ်မှုး ကလမ် ဝီလ်ဆင် ဟာ ခြေသလုံး ဒဏ်ရာ ပြသနာကြောင့် အနည်းဆုံး 6 ပတ် ဝန်းကျင်ထိ အနားယူရဖွယ် ရှိနေပြီး ၊ အဲဒီ ကိစ္စကြောင့် တန်းဆင်းဇုံ ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ လမ်းကြောင်းမှာ အဟန့်အတားတွေ ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။ ဝီလ်ဆင် ဟာ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို အကောင်းဆုံး ကြိုးစားကာ ဦးဆောင်ပေးနေသူ ဖြစ်တဲ့အပြင် လိုအပ်တဲ့ သွင်းဂိုးတွေလဲ ရယူပေးနေသူပါ။

နည်းပြ အက်ဒီဟောင်း ကတော့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ အဓိက ဦးစားပေး ခေါ်ယူ ချဉ်းကပ်သင့်တဲ့ စာရင်းကို သေချာ သုံးသပ်လျှက် ရှိနေပါတယ်။

Telegraph သတင်း စာကတော့ အိုရီဂီ ဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ကြေး ပေါင် 7 သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းမှုတွေ ရရှိလာရင် လီဗာပူး ကနေ ထွက်ခွာခွင့် ရဖွယ် ရှိနေတယ်လို့ ယူဆထားပါတယ်။ သို့သော်လဲ လီဗာပူး က ပေးချေထားတဲ့ လစာပမာဏမျိုး ထက် နည်းပါးတဲ့ လစာပေးချေမှုမျိုးကိုတော့ လက်ခံဖွယ် မရှိပါဘူး။

သူဟာ လက်ရှိ အချိန်ထိ အန်ဖီးလ်မှာ ပုံမှန် ကစားခွင့် မရပဲ ဆက်ရှိနေတဲ့ အကြောင်းအရင်းတွေထဲမှာ လစာပ ပမာဏ ကလဲ ထိုက်ထိုက်တန်တန် ရရှိနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အသက် 26 နှစ် အရွယ် ဘယ်လ်ဂျီယံ သားဟာ နယူးကာဆယ် က လိုချင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားလေ့ရှိတဲ့သူ ဖြစ်ပြီး ၊ အက်ဒီဟောင်း ရဲ့ စိတ်ကူးတွေကို အကောင်ထည်ဖော်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ သို့သော် သူ့ရဲ့ လစာ ပမာဏ တောင်းဆိုမှုကို လိုက်လျောပေးနိုင်ခြင်း ရှိ/မရှိ ကိုတော့ စောင့်ကြည့်ရမှာပါ။

တစ်ချိန်တည်းမှာ အက်ဒီဟောင်း ဟာ အသင်းဟောင်း ဘုန်းမောက် က တိုက်စစ်မှုး ဆိုလန်ကီ ကိုလဲ သဘောကျနေပါတယ်။ သူဟာ လက်ရှိ ဘောလုံးရာသီမှာ ဘုန်းမောက် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသကာ စုစုပေါင်း 19 ဂိုး အထိ သွင်းယူထားပြီး ၊ ပရီးမီးယားလိဂ် ပြန်လာခွင့်ရဖို့ အဓိက နေရာကနေ ကြိုးစားပေးလျှက် ရှိနေပါတယ်။

ဒါကြောင့် နယူးကာဆယ် အနေနဲ့ ဆိုလန်ကီ ကို ခေါ်ယူဖို့ အတွက် လွယ်လွယ်ကူကူ နဲ့ စည်းရုံး နိုင်ဖို့တော့ လွယ်မှာ မဟုတ်ပါဘူး။

လက်ရှိ နယူးကာဆယ် ရဲ့ ပစ်မှတ်တွေထဲမှာ ဖြစ်နိုင်ချေ အများဆုံး ကစားသမား က နော့ဝှစ်ချ် ကွင်းလယ်လူ ကန့်ဝဲ ဖြစ်ပြီး ၊ စာချုပ် သက်တမ်းက 18 လ သာ ကျန်တော့ကာ ၊ ပေါင် 15-20 သန်း ဝန်းကျင်ရရှိမယ် ဆိုပါက နော့ဝှစ်ချ် က လက်လွှတ်ပေးဖွယ် ရှိနေပါတယ်။

နယူးကာဆယ် ဟာ ကန့်ဝဲ အတွက် တရားဝင် စုံစမ်းမှုတွေကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက စတင်လုပ်ဆောင်ခဲ့ပြီး ၊ မကြာခင်မှာ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေတယ်လို့ ယူဆရပါတယ်။

SM