” အာတီတာ လက်အောက်မှာ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရနိုင်ပါတယ် ။ ” ဂျက်ဝီလ်ရှီးယား

ဂန်းနား ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂျက်ဝီလ်ရှီးယား နဲ့ ဆိုးလ်ကမ်းဘဲလ် တို့ကတော့ စပိန် လူမျိုး နည်းပြ အာတီတာ ဟာ အာဆင်နယ် အသင်းကို အရင်တုန်းက ရခဲ့တဲ့ အောင်မြင်မှုတွေ ပြန်လည် ရယူ ပေးနိုင်မယ့်သူလို့ သဘောတူ ပြောကြား လိုက်ကြပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ အစ သုံးပွဲ ဆက်တိုက် ရှုံးပွဲ ကြုံတွေ့ပြီး အမှတ်ပေး ဇယား အောက်ဆုံး အထိ ရောက်ခဲ့ရပါတယ် ။ ဒါပေမယ့် ရာသီဝက် အပြီးမှာတော့ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား အဆင့် ၄ နေရာမှာ ရပ်တည် နေနိုင်ပြီး ခါရာဘောင်းဖလားမှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်နေပါတယ် ။

အာဆင်နယ် အသင်း ရလဒ်ကောင်းတွေ ပြန်ရလာမှုမှာ လူငယ် ကစားသမားတွေနဲ့ ကစားသမားသစ်တွေရဲ့စွမ်းဆောင်ရည်က အဓိက နေရာကနေ ပါဝင် ခဲ့ပါတယ် ။ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဂျက်ဝီလ်ရှီးယား ကတော့ အာတီတာ ရဲ့ အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်ထားပြီလို့ talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

အာတီတာ ဟာ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ပြန်လည် ရရှိအောင် ဦးဆောင် ပေးနိုင်မယ့်သူလို့ ထင်သလားဆိုတဲ့ မေးခွန်းကို ဝီလ်ရှီးယား ” ကောင်းမွန်တဲ့ ထောက်ပံ့မှု ၊ အသင်းနဲ့ အံဝင်ကိုက်ညီတဲ့ ကစားသမားတွေကို ခေါ်နိုင်ရင်တော့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ် ။ ”

” အာတီတာ ဆီမှာ ဘောလုံး နဲ့ ပတ်သက်ပြီး အင်မတန် ရှင်းလင်းတဲ့ အတွေးအမြင် ၊ ဖွဲ့စည်းပုံ အခိုင်အမာ ရှိပါတယ် ။ သူ ဘယ်လို ကစားချင်သလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ၊ နားထောင် ကျွန်တော် ပြောမယ် သူတို့ ဒီနှစ်တော့ ပရီးမီးယားလိဂ် ဖလား မရနိုင်ပါဘူး ။ ”

” ဒါပေမယ့် လာမယ့် ၂ နှစ် ၃ နှစ်အတွင်း သူတို့ ထိပ်ဆုံး လေးသင်းထဲမှာ ရပ်တည် နိုင်ပြီး ထိပ်တန်း ကစားသမား အချို့ကို ခေါ်ယူ နိုင်ခဲ့ရင်ပေါ့ ၊ ကစားသမားသစ်တွေ အသင်းမှာ အထိုင်ကျပြီး အာတီတာ ကစားချင်တဲ့ ပုံစံ ကို သိလာခဲ့ရင် ပရီးမီးယားလိဂ် ဖလား ရယူဖို့ ဆိုတာ ဖြစ်လာ နိုင်ပါတယ် ။ ”

ဆိုးလ်ကမ်းဘဲလ်ကလည်း ဝီလ်ရှီးယား ရဲ့ စကားကို သဘောတူ ထောက်ခံ သွားခဲ့ပါတယ် ။ ” ဂျက်ပြောသလိုမျိုး လာမယ့် နှစ်နှစ် သုံးနှစ် အတွင်းမှာ အသင်း နဲ့ အံဝင်မယ့် ကစားသမားမျိုးတွေကို ခေါ်နိုင်ခဲ့ရင် ဖြစ်နိုင်​ချေ သိပ်ရှိတာပေါ့ဗျာ ၊ ဟုတ်ပါတယ် ။ သူတို့က အဲ့လောက်အထိကို နီးစပ်မှု ရှိတာပါ ။ ”

” လက်ရှိ အချိန်မှာ မန်စီးတီး အသင်းက ကျန်အသင်းအားလုံးကို အပြတ်အသတ် နောက်ကောက်ချပြီး ဦးဆောင်နေပါတယ် ။ ပွဲကျပ်တွေမှာတောင် ဂိုးပြတ် ရလဒ်တွေ ရနေတာပါ ၊ ဒါက ဘာကို ပြသလဲဆိုရင် သူတို့ဆီမှာ အနိုင်ရလိုစိတ် ရှိနေတယ်ဆိုတာပါပဲ ၊ အသင်းတိုင်းကို အပြတ်အသတ် ဖြစ်အောင် ကစားနေနိုင်ပါတယ် ။ ”

” ဒါပေမယ့် အာဆင်နယ် ကရော မဖြစ်နိုင်ဘူးလား ၊ အသင်း အတွက် မှန်ကန် သင့်တော်တဲ့သူတွေသာ ခေါ် နိုင်ခဲ့ရင် ဖြစ်နိုင်တာပေါ့ဗျာ ။ သူတို့လက်ရှိမှာ ပုံစံကောင်း ရနေပါတယ် ၊ လိဒ်ယူနိုက်တက် ကို ၄-၁ ၊ နောဝှစ် ကို ၅-၀ အထိ ဂိုးပြတ် ကစားခဲ့ပါတယ် ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ပြသဖို့ ဆိုရင် အဲ့ဒီလို အောက်ခြေက အသင်းတွေကို ဂိုးပြတ်အောင် ကစားနိုင်ဖို့ လိုပါတယ် ။”

” အာဆင်နယ် အသင်း သွားနေတဲ့ ပုံစံက အမှန်တကယ် ကောင်းပါတယ် ၊ ရာသီ အစတုန်းက ရလဒ်တွေ ဆိုးရွား ခဲ့ပေမယ့် သူတို့ ပြန်လာ နိုင်ခဲ့ပါတယ် ၊ စီးတီး နဲ့ ပွဲက သူတို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် သူတို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ရာ ရင်ဆိုင် ကျော်ဖြတ် ရမှာပါ ။ ”

” အာဆင်နယ် အသင်းမှာ ပုံစံကောင်း ရနေတဲ့ ကစားသမားကောင်းတွေ ရှိပါတယ် ၊ မာတီနယ်လီ ၊ အိုဒီဂွါဒ် ၊ စမစ်ရို တို့ အားလုံးက ခြေစွမ်းကောင်းတွေ ပြသ နေကြပါတယ် ။ ရမ်စ်ဒဲလ် ကလည်း အသင်းကို အများကြီး ကူညီ ကယ်တင် ပေးထားပါတယ် ၊ ဒါဆို လိဂ်ချန်ပီယံ ဘာကြောင့် မဖြစ်နိုင်ရမှာလဲဗျာ ၊ ဒီအတွက် ဆက်လက် ကြိုးစားရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM