အာဆင်နယ် ကစားသမား ၄ ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နယူးကာဆယ် အသင်း

နယူးကာဆယ် အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အူဘာမီယန်း အပါအဝင် အာဆင်နယ် အသင်း ကစားသမား ၄ ဦးကို ခေါ်ယူဖို့ ချိန်ဆ နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီး ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံး အသင်း တစ်သင်း ဖြစ်လာတဲ့ နယူးကာဆယ် အသင်းဟာ ဒီလမှာ ကစားသမားကောင်းတွေကို ခေါ်ယူ အားဖြည့်ဖို့ ရှိနေပါတယ် ။

နယူးကာဆယ် အသင်းဟာ သူတို့ရဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပထမဆုံး ခေါ်ယူမှု အဖြစ် အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ထရစ်ပီယာ ကို ပေါင် ၁၂ သန်း+ အပိုဆုကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရပါတယ် ။

ဒါ့အပြင် Telegraph ရဲ့ဖော်ပြချက်အရ နယူးကာဆယ် အသင်းဟာ အာဆင်နယ် အသင်းရဲ့ ကစားသမား ၄ ဦးကို မျက်စိကျနေတယ်လို့ သိရပါတယ် ။ နယူးကာဆယ် အသင်း ခေါ်ချင်နေတဲ့ ကစားသမား စာရင်းမှာ ပါဝင်နေတဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ကတော့ အူဘာမီယန်းပါ ။

အူဘာမီယန်း ဟာ ပြည်ပ ခရီးထွက်ခွာပြီး အာဆင်နယ် အသင်း သဘောတူ သတ်မှတ်ထားတဲ့ အချိန်မှာ အချိန်မှီ ပူးပေါင်း နိုင်ခဲ့ခြင်း မရှိတာကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရတာလည်း ၆ ပွဲဆက်တိုက် ရှိသွားခဲ့ပါပြီ ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အူဘာမီယန်း အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ထားပေမယ့် ဂါဘွန်သားဟာ သူ့ရဲ့ ဂန်းနား ကစားသမား ဘဝ နောက်ဆုံးပွဲ ကစားခဲ့ပြီး ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ် ။

လက်တစ်လောမှာ နယူးကာဆယ် အသင်းဟာ အူဘာမီယန်း ကို ကနဦး အငှား နဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ပေါင် သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ဒါ့အပြင် နယူးကာဆယ် အသင်းဟာ ရာသီကုန်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အန်ကီးတီးယား ကိုလည်း စိတ်ဝင်စားနေပါတယ် ။

အန်ကီးတီးယား ဟာ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားခွင့် များများစားစား မရတာကြောင့် ထွက်ခွာဖို့ ဆန္ဒပြင်းပြ နေသူပါ ။

နယူးကာဆယ် အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ထပ် အာဆင်နယ် ကစားသမား နှစ်ဦးကတော့ ကွင်းလယ်လူ အယ်နီနီ နဲ့ နောက်ခံလူ ဟိုးလ်ဒင်း တို့ပါ ။

အီဂျစ် ကွင်းလယ်လူ အယ်နီနီ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၇ ပွဲ ကစားခွင့် ရထားပြီး ဟိုးလ်ဒင်း ကတော့ ၅ ပွဲသာ ကစားခွင့် ရရှိ ထားပါတယ် ။

SM