အာဆင်နယ်နဲ့ ၀-၀ ပွဲကို ကြည့်ရင် လီဗာပူးဟာ မန်စီးတီး ချဲလ်ဆီး တို့နဲ့ ဘာတွေ ကွာခြားနေသလဲ ဆိုတာ မြင်တွေ့နိုင်တယ်လို့ ဆိုလိုက်တဲ့ မာဆွန် နဲ့ ကာရေဂါ

ပေါလ်မာဆွန်က သူ့အနေနဲ့ မိုဟာမက်ဆာလား နဲ့ ဆာဒီယိုမာနေး တို့ကို လက်လွှတ်ထားခဲ့ရတဲ့ လီဗာပူး အသင်း အတွက် စိုးရိမ်မိတယ်လို့ ၀န်ခံလိုက်ပြီး ဒီကစားသမား ၂ ဦး မရှိတဲ့ လီဗာပူးဟာ လုံး၀ကို ခြားနားတဲ့ အသင်းမျိုး ဖြစ်သွားတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လူတစ်ယောက်လျော့ အာဆင်နယ်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ဖာမီနို ဂျိုတာ နဲ့ မီနာမီနို တို့ရဲ့ တိုက်စစ်ဟာ အာဆင်နယ် ဂိုးသမား ရမ်ဒဲလ်ကို လုံလောက်တဲ့ ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ပါဘူး။

အဆိုပါ ပွဲစဉ် အပြီးမှာ မာဆွန်က လီဗာပူး အသင်းဟာ မန်ချက်စတာစီးတီး ၊ ချဲလ်ဆီး တို့နဲ့ ယှဉ်ရင် အရန်အင်အား တောင့်တင်းမှု လုံး၀ မရှိတာကြောင့် အဓိက ကစားသမားတွေ ဆုံးရှုံးရတဲ့ အခါ လုံး၀ကို ခြားနားတဲ့ အသင်း ဖြစ်သွားတယ်လို့ ဆိုလိုက်ပါတယ်။

မာဆွန်က “အကယ်လို့များ ကျွန်တော်သာ လီဗာပူး ပရိတ်သတ် တစ်ဦးသာ ဆိုရင် ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံး ဖြစ်နေမှာလဲ? ဆာလား နဲ့ မာနေး တို့ မရှိတဲ့ အရာကိုပါ။ အကယ်၍ ဒီည အာဆင်နယ်နဲ့ ပွဲမှာ သူတို့ ၀င်ကစားသွားခဲ့မယ် ဆိုရင် လုံး၀ ခြားနားတဲ့ ဇာတ်လမ်း ဖြစ်သွားမှာပါ။ ဒါဟာ သူတို့ရဲ့ အရန်အင်အားကို ပြသလိုက်တာ ပါပဲ။ သူတို့ရဲ့ အခြား ပြိုင်ဘက်အသင်းတွေကိုလည်း ကျွန်တော် စောင့်ကြည့် ဖြစ်ခဲ့ပါတယ်။ မန်စီးတီးကို ကြည့်လိုက်ပါ။ သူတို့ရဲ့ အဓိက ကစားသမား ၂ ဦးကို ထုတ်ပြီး ကစားနိုင်ပါတယ်။ ချဲလ်ဆီးလည်း သူတို့ရဲ့ first 11 က ကစားသမား ၂ ဦးကို ထုတ်ပြီး ကစားလို့ ရပါတယ်။ လီဗာပူးကို ဒီလို လုပ်ကြည့်လိုက်ပါ။ သူတို့ဟာ လုံး၀ကို ခြားနားတဲ့ အသင်း ဖြစ်သွားပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဆာလားဟာ ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၂၃ ဂိုးထိ သွင်းယူပေးထားခဲ့သူ ဖြစ်ပြီး အသင်းဖော်တွေ အတွက် ၉ ဂိုးဖန်တီးပေးခဲ့ ပါတယ်။ မာနေး ကလည်း ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားခဲ့ကာ ၁ ဂိုး ဖန်တီးထားခဲ့ပါတယ်။ ကာရေဂါက မာဆွန်ရဲ့ မှတ်ချက် အပေါ် သဘောတူလိုက်ပြီး သူ့ရဲ့ အသင်းဟောင်းဟာ အရန်အင်အား မတောင့်တင်းပေမယ့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မာနေး နဲ့ ဆာလား တို့ရဲ့ ဒဏ်ရာ ပြသနာ ကင်းစင်မှုကြောင့် အတော်လေး ကံကောင်းခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “လီဗာပူးဟာ သူတို့ တကယ် မှီခိုအားထားနိုင်တဲ့ အရမ်း ကောင်းတဲ့ ကစားသမား ၁၃ ဦး ၁၄ ဦးလောက်ပဲ ရှိပါတယ်။ ခင်ဗျားတို့ ချဲလ်ဆီးကို ကြည့်လိုက်ပါ။ သူတို့ရဲ့ တိုက်စစ်မှာ ဇီယက် or ပူလီဆစ် or မောင့် or ဗာနာ or လူကာကူ ဘယ်သူတွေကိုပဲ အသုံးပြုသည် ဖြစ်စေ သိပ်ပြီး ခြားနားသွားတာ မရှိပါဘူး။

လီဗာပူး ကတော့ ကံကောင်းခဲ့တယ်လို့ ကျွန်တော် မပြောချင်ပေမယ့် မာနေး နဲ့ ဆာလား တို့နဲ့ ပက်သက်ပြီး အရမ်းကောင်းတဲ့ အရာကတော့ သူတို့ဟာ တော်ရုံတန်ရုံ ဒဏ်ရာမရတက်တာပါပဲ။ သူတို့ဟာ ပွဲတိုင်းနီးပါးကို ကစားပေးခဲ့ပါတယ်။ သူတို့ ဒီမှာ ရှိနေတာ ၅ နှစ် ၆ နှစ် ရှိနေပါပြီ။ ဒီကစားသမား ၂ ဦးဟာ ပွဲတွေ သိပ်ပြီး လွဲချော်လေ့ မရှိခဲ့သလောက်ပါပဲ။ အဓိက ကစားသမားတွေကို ကွင်းထဲမှာ အသုံးပြုနိုင်တာဟာ ဘောလုံးလောကရဲ့ အရေးကြီးဆုံး အရာ ဖြစ်ပါတယ်။ ဒါပေမယ့် အရန်အင်အား မတောင့်တင်းမှု ကတော့ စိတ်ပူစရာ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အာဖရိကဖလား ဖိုင်နယ်ဟာ လာမည့် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကစားရမှာ ဖြစ်တာကြောင့် လီဗာပူး အနေနဲ့ အနည်းဆုံး ယခုလကုန်ထိ မာနေး နဲ့ ဆာလား တို့ကို မပါဘဲ ပွဲတွေ ကစားသွားရမှာ ဖြစ်ပါတယ်။
SM