အသင်းဟောင်း ချဲလ်ဆီးကို ၃နှစ်ခွဲ အကြာမှာ ပြိုင်ဖက် အဖြစ် ပထမဆုံး အကြိမ် ရင်ဆိုင်ရမယ့် အပေါ် တုန့်ပြန် ပြောဆိုလိုက်တဲ့ ကွန်တီ

ချဲလ်ဆီး အသင်း ဟာ မနက်ဖြန်ညမှာ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ လက်ခံ ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ တော့တင်ဟမ် နည်းပြ အန်တိုနီယို ကွန်တီ အတွက် ၃နှစ်ခွဲ အကြာ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ တကျော့ပြန် ရောက်လာမယ့်ပွဲလည်း ဖြစ်ပါတယ် ။

ကွန်တီ ဟာ ချဲလ်ဆီး အသင်းသို့ ၂၀၁၆ – ၂၀၁၇ ဘောလုံး ရာသီမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၊ ရောက်ရောက်ချင်း နှစ်မှာပဲ ၊ အရှေ့ရာသီ က အဆင့် ၁၀ မှာ ရပ်တည်ခဲ့တဲ့ ချဲလ်ဆီး ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေခဲ့ပါတယ် ။ ဒါဟာ ချဲလ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် ဖလား ကို နောက်ဆုံး ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ် ။

နောက်တရာသီမှာတော့ ကွန်တီ ဟာ အယ်လ်ဗာရို မိုရာတာ ၊ ဒန်နီ ဒရင့်ခ်ဝါးတား ၊ တီမူ ဘာကာယိုကို ၊ ဒေးဗစ်ဒဲ ဇာပါကော်စတာ တို့လို ချဲလ်ဆီး အသင်းမှာ ပုံစံကောင်း လုံးဝ မပြနိုင်ခဲ့တဲ့ ကစားသမားသစ်တွေကိုသာ ခေါ်ယူ အားဖြည့်နိုင်ခဲ့သလို ၊ ဒီယေဂို ကော်စတာနဲ့လည်း အဆင်မပြေဖြစ်ပြီး ၊ အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။

ထိုနှစ်မှာ ကွန်တီ ဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ အက်ဖ်အေ ဖလားကို ဆွတ်ခူးကာ ၊ နှုတ်ဆက်နိုင်ခဲ့ပါတယ် ။ ဒါဟာ ချဲလ်ဆီး အသင်း နောက်ဆုံး ဆွတ်ခူးခဲ့တဲ့ အက်ဖ်အေ ဖလားလည်း ဖြစ်ပါတယ် ။

တဖက်မှာ ကွန်တီ ဟာ ချဲလ်ဆီး ကနေ အပေါင်း လက္ခဏာ ဆောင်ပြီး ထွက်ခွာခဲ့တာ မဟုတ်သလို ၊ ကလပ် ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ က ၄င်းကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် လျော်ကြေး အပြည့်အဝ ရရှိဖို့ကိုလည်း အမှု စစ်ဆေးမှုတွေ ခံယူခဲ့ရတဲ့ အထိ ရှုပ်ထွေး တင်းမာမှု အချို့ ရင်ဆိုင်ခဲ့ရပါသေးတယ် ။

သို့ပေမယ့် ကွန်တီ ကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျဆီ တကျော့ပြန်လာမယ့် ခရီး ဟာ သူ့အတွက် ကြီးကျယ်မှာ ဖြစ်သလို ၊ ချဲလ်ဆီးကို လက်စားချေဖို့ အတွက် ပရီးမီးယားလိဂ်ကို ရောက်လာတာ မဟုတ်တဲ့ အကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

ကွန်တီ က ” ကျွန်တော်တို့ဟာ ချဲလ်ဆီးမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ဒီတော့ ကျွန်တော့ နေရာက ကြည့်ရင် ၊ ဘယ်သူ တဦးတယောက်ကိုမှ သက်သေ ထွေထွေထူးထူး ပြနေစရာ မလိုဘူးလို့ ထင်ပါတယ် ။ ”

” ကျွန်တော် ဟာ အတွေ့အကြုံ ရှိတဲ့ မန်နေဂျာ တဦး ဖြစ်ပြီး ၊ ရှေ့ဆက် ကိုယ့်ရဲ့ မန်နေဂျာ ဘဝ ကို အခြား ကလပ်တွေမှာ ရှေ့ဆက်ဖို့ အခွင့်အရေး အပြည့်အဝ ရှိပါတယ် ။ စတမ်းဖို့ဒ်ဘရစ်ခ်ျ ကို ပြန်လာရတာ က ကျွန်တော့ အတွက် ဝမ်းသာစရာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ချဲလ်ဆီးမှာ အရေးကြီးတဲ့ ဘောလုံးရာသီ ၂ခု ဖြတ်သန်းခဲ့ပြီး ၊ အခုအချိန် အထိ ချဲလ်ဆီးမှာ ကစားနေသေးတဲ့ အသင်းသား တချို့နဲ့တောင် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲပါ ။ သူတို့ကို ပြန်တွေ့ရမှာ က ကျွန်တော့ အတွက် ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR