အဝေးကွင်းနိုင်ပွဲတွေနဲ့ စဖွင့်တဲ့ ၂၀၂၂ ၊ ဇန်နဝါရီရဲ့ ဈေးဦးပေါက် အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပထမဆုံး ပွဲတွေ မှာတော့ ဧည့်သည် အသင်းတွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ စပါး နဲ့ ဝက်စ်ဟမ်း တို့ နိုင်ပွဲ ကိုယ်စီ ရရှိ ခဲ့ကြပါတယ် ။

မန်စီးတီး ဟာ အာဆင်နယ် ကို အီးမရိတ် မှာ သွားရောက် ရင်ဆိုင် ကစားခဲ့ပြီး ၂-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

စပါး ကလည်း ဝက်ဖိုဒ့် ကွင်းမှာ နောက်ဆုံး မိနစ် အထိ သရေကျနေခဲ့ပြီးမှ ဒေဗီဆင် ဆန်းချက် ရဲ့ ခေါင်းတိုက်ဂိုး နဲ့ အဖိုးတန် ၃ မှတ် ရရှိခဲ့ပါတယ် ။

ဝက်စ်ဟမ်း နဲ့ ပဲလေ့စ် ပွဲကလည်း သူတပြန် ကိုယ်တပြန် အကျိတ်အနယ် ရှိခဲ့ပြီး အသုံးသတ် နဲ့ ကံပိုကောင်းတဲ့ ဝက်စ်ဟမ်း က ၃-၀ နဲ့ မိနစ် ၈၀ အထိ ဦးဆောင် နေခဲ့ပေမယ့် ပဲလေ့စ် က ၂ ဂိုးပြန်သွင်းကာ ၃-၂ နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။

အပြောင်း အရွှေ့ သတင်းတွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ နာပိုလီ တို့ဟာ ဗီလာ မှာ အငှား ကစားနေတဲ့ နောက်ခံလူ တွမ်ဇီဘီ ရဲ့ အပြောင်း အရွှေ့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရ ပါတယ် ။

နာပိုလီ ဟာ တွမ်ဇီဘီ ကို ၆ လ အငှား စာချုပ် နဲ့ ခေါ်ယူမှာ ဖြစ်ပြီး အငှားခေါ်ယူခ ပေါင် ၅ သိန်း ပေးချေ ရမယ်လို့ ကြားသိရ ပါတယ် ။

အဲဗာတန် အသင်းကလည်း ဒိုင်နမို အသင်းက ကစားသမားလေး ဗွီတာလီ မိုင်ကိုလန်ကို ကို ယူရို ၂၁ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ခံစစ် သမားတွေ ဒဏ်ရာ ရရှိနေမှုကြောင့် နယူးကာဆယ် နဲ့ သတင်းထွက် နေတဲ့ အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ထရစ်ပီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စား လာတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အေတီကို နည်းပြ ဆီးမြွန်းနီ ကတော့ ထရစ်ပီယာ အနေနဲ့ အသင်းပြောင်းလိုပါက သူကိုယ်တိုင် ဆုံးဖြတ် ရမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

နယူးကာဆယ် ကတော့ အာဆင်နယ် နည်းပြ အာတီတာ နဲ့ အဆင်မပြေ ဖြစ်နေပြီး အသင်းခေါင်းဆောင် ရာထူးကိုပါ စွန့်လွှတ် ခဲ့ရတဲ့ တိုက်စစ်မှူး အော်ဘားမီးယန်း ကို ကာလတို အငှား စာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစား နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အာဆင်နယ် ကတော့ လာမယ့် နွေရာသီမှာ အော်ဘားမီးယန်း နဲ့ လာကာဇက် တို့ မရှိ နိုင်တော့တာကြောင့် တိုက်စစ် အားဖြည့်ဖို့ အတွက် ကြိုတင် စာရင်းပြုစု နေပြီး ရီးရဲ ဆိုဆီဒက် တိုက်စစ်မှူး အလက်ဇန်းဒါး အိုင်ဆက် ကို စိတ်ဝင်စား နေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ကတော့ အယ်ဗာရို မိုရာတာ ကို ခေါ်ယူ နိုင်ဖို့ အတွက် အက်သလက်တီကို မက်ဒရစ် နဲ့ ညှိနှိုင်း ဆွေးနွေး နေပြီလို့ သိရ ပါတယ် ။

ဘာဆာ နည်းပြ ဇာဗီ ကတော့ ဒမ်ဘီလီ နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စ တွေဟာ ဆွေးနွေး ညှိနှိုင်း နေဆဲ ဖြစ်ပြီး သတင်းတွေ ထွက်ခဲ့သလို ၂ ဦး ၂ ဘက် တင်းမာ နေတယ်ဆိုတာဟာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ ကွန်တီ ကတော့ သူတို့ဟာ လက်ရှိ အပြောင်းအရွှေ့ မှာ လူသစ် ခေါ်ယူမယ် လို့ အတည်ပြု လိုက်ပြီး ဒါဟာ သူ့ကို နည်းပြ အဖြစ် ခန့်အပ်ကတည်းက စီစဉ် ဆွေးနွေး ထားတဲ့ အရာ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

စပါး ဟာ ကွင်းလယ် ကနေ ဖန်တီးမှု နဲ့ ဂိုးသွင်းနိုင်မှု ကို ပိုမို ရရှိဖို့ အတွက် ဘာစီလိုနာ ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟို ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး ကနေ ပေါင် သန်း ၁၄၀ ကျော်နဲ့ ပြောင်းရွှေ့ ခဲ့တဲ့ ကော်တင်ဟို ဟာ လက်ရှိ မှာတော့ ပေါင် သန်း ၂၀ မျှ နဲ့ ရရှိ နိုင်တဲ့ ကစားသမား တယောက် ဖြစ်နေခဲ့ပြီလို့ သိရ ပါတယ် ။

နာမည်ကျော် ဘောလုံး သုံးသပ် တင်ဆက်သူ ပေါလ်မာဆင် ကတော့ နယူးကာဆယ် အနေနဲ့ စပါး ကွင်းလယ်လူ ဒယ်လီ အလီ ကို ခေါ်ယူ နိုင်ပါက သူတို့ အတွက် များစွာ အကျိုး ရှိလိမ့်မယ်လို့ အကြံပြု သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ လူကာမိုဒရစ် ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် အကြောင်း နဲ့ အခြား စာချုပ် သက်တမ်းကုန် ကစားသမား အားလုံး ကိုလည်း အသင်းက ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

ဒါပေမယ့် PSG တိုက်စစ်မှူးလေး ဘာပေ နဲ့ ပတ်သက်လို့ကတော့ ဇွန် ၃၀ မတိုင်ခင် မှာ ဒီအကြောင်းတွေးဖို့ စောနေပါသေးတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ဂိုးသမား ကော့တွိုက် နဲ့ ကွင်းလယ်လူ ဗယ်ဗာဒီ တို့ ဟာ ကိုဗစ်ပိုး ပြန်လည် စစ်ဆေးမှုမှာ ပိုးမတွေ့ ရှိ တော့တာကြောင့် ဂီတာဖေး နဲ့ ကစားမယ့် ပွဲအတွက် ပြင်ဆင် လေ့ကျင့်မှု မှာ ပြန်လည် ပါဝင် လာနိုင်ခဲ့ ကြတယ်လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

အမေရိက ကလပ် ဒါးလပ်စ် ကနေ ထွက်ခွာလာမယ့် အမေရိကန် စတားလေး ရီကာဒို ပီပီ ဟာ ဘွန်ဒစ်လီဂါ ကလပ် အော့စ်ဘတ် အသင်းကို ဒေါ်လာ သန်း ၂၀ + အပိုဆုကြေး နဲ့ ပြောင်းရွှေ့မယ်လို့ သတင်း ကြားသိရ ပါတယ် ။

အမေရိက ကလပ် တိုရွန်တို အသင်း ကတော့ နာပိုလီ တိုက်စစ်မှူး အင်ဆစ်ညာ အတွက် တနှစ် အသားတင် လုပ်ခ ယူရို ၁၁ သန်း ပေးချေ ရမှာ ဖြစ်ကာ အပိုဆုကြေး အနေနဲ့ ယူရို ၄.၅ သန်း ကိုလည်း ၅ နှစ် သက်တမ်းရှိမယ့် စာချုပ်မှာ ထည့်သွင်း ချုပ်ဆို သွားရမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

အင်ဆစ်ညာ ဟာ နွေရာသီမှာ နာပိုလီ နဲ့ စာချုပ်ပြည့်မှာ ဖြစ်ပြီး တိုရွန်တို အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီ ထားပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး ဟာ ဇန်နဝါရီ မှာ နောက်ခံလူသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ လိုအပ် လာတာကြောင့် ကွင်းလယ် က ဘာကလေ ၊ လော့ဖ်တပ်ချပ် နဲ ဇီယက်ချ် တို့ ကို ရောင်းထုတ် သွားဖို့ စိတ်ကူး နေတယ်လို့လည်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR