အရေးယူတဲ့ အနေနဲ့ လူကာကူ ကို လီဗာပူး နဲ့ ပွဲမှာ ထည့်သွင်း ကစားခြင်း မပြုဖို့ စဉ်းစားနေတဲ့ သောမတ် တူချယ်

ချဲဆီး အသင်းရဲ့ နည်းပြကြီး သောမတ် တူချယ် က တိုက်စစ်မှုး လူကာကူ ကို အရေးယူတဲ့ အနေနဲ့ ဒီညမှာ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ်မှာ ထည့်သွင်း ကစားခြင်း မပြုဖို့တောင် စဉ်းစားနေပြီ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ လူကာကူ ဟာ ကစားသမား စာရင်းကနေ ချန်လှပ်ခံရနိုင်တယ်လို့ သိရပေမယ့် ၊ ချဲဆီး ဘက်ကတော့ လူကာကူ ရဲ့ အခြေအနေအပေါ် တစ်စုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ 2 ပွဲမှာ ချဲဆီး အတွက် သွင်းဂိုး 2 ဂိုး အထိ ရယူပေးထားသည့်တိုင်အောင် အသင်းက ခွင့်ပြုချက် မရှိပဲ အင်တာဗျူး လုပ်ဆောင်ခဲ့တဲ့ အတွက် အရေးယူခံရမယ့် အခြေအနေကနေ လွတ်မြောက်ဖွယ် မရှိပါဘူး။ အထူးသဖြင့် အဲဒီ အင်တာဗျူးမှာ နည်းပြ တူချယ် လက်အောက် ကစားရတာ မပျော်ရွှင်ပဲ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တဲ့ အတွက် ပြသနာတွေက ပိုပြီး ကြီးထွားသွားခဲ့တာ ဖြစ်ပါတယ်။

 

လန်ဒန် ကလပ် အသိုင်းအဝိုင်း ကတော့ လူကာကူ ဟာ အဲဒီလို ဖွင့်ဟ လာသည့်တိုင်အောင် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ အားထုတ်နေခြင်း မရှိဘူးလို့ မှတ်ချက်ပေးထားပါတယ်။ သို့သော် တူချယ် ကတော့ သူ ဖြေကြားကခဲ့တဲ့ စကားလုံးတွေ နဲ့ ပတ်သက်ပြီး လုံးဝကို ဘဝင်မကျပဲ ဖြစ်နေတာပါ။

သူတို့ နှစ်ယောက် အကြား မျက်နှာချင်းဆိုင်ကာ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဖြေရှင်းကြပြီးပြီလို့ နားလည်ရသည့်တိုင်အောင် ၊ လက်ရှိ အချိန်ထိ တူချယ် က သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ တစ်ပွဲပယ် ပြစ်ဒဏ်မျိုး ချမှတ်သွားဖို့ အထိ စိတ်ကူးလျှက် ရှိနေပါတယ်။ ကလပ် အသင်းဘက်ကလဲ မည်သည့် အရေးယူမှုမျိုးကို လုပ်ဆောင်လာပါစေ တူချယ် ရဲ့ ဘက်မှာ အပြည့်အ၀ ရပ်တည်ပေးထားပြီး ၊ အင်တာဗျူး နဲ့ ပတ်သက်လို့ အသင်း တာဝန်ရှိသူတွေ အကြားမှာလဲ အရမ်းကို အံ့အားသင့်နေကြပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ချဲဆီး ထံ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့် ၊ 6 လ အကြာမှာပဲ အခုလို ထုတ်ဖော် ပြောဆိုမှုတွေ လုပ်ဆောင်လာတဲ့ အပေါ် ပရိသတ်တွေ တစ်ချို့ကလဲ မကျေမနပ် ဖြစ်နေကြပါတယ်။

ဒီည ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ်ဟာ လီဗာပူး နဲ့ ဖြစ်လို့ ချန်ပီယံ လမ်းကြောင်းပေါ် ဆက်ရှိ/မရှိ အဆုံးအဖြတ် ပေးသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် တူချယ် အနေနဲ့ တကယ်ပဲ ပြတ်ပြတ်သားသား နဲ့ လူကာကူ ကို ချန်လှပ်ထားခဲ့မလား ၊ ဒါမှ မဟုတ် ဒဏ်ကြေး လောက်နဲ့သာ အရေးယူသွားမလား ဆိုတာ စောင့်ကြည့်သွားရမှာပါ။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မန်စီးတီး ဟာ အဝေးကွင်းမှာ အာဆင်နယ် ကို နောက်ကျ အနိုင်ဂိုး နဲ့ အနိုင်ယူပြသွားခဲ့လို့ ၊ ချဲဆီး နဲ့ အကြား အမှတ်ကွာဟချက် က 11 မှတ် အထိ တိုးမြှင့်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာသာ တစ်သင်းသင်းက ရလာဒ် မကောင်းခဲ့ရင် ရာသီဝက် ကာလမှာပဲ ချန်ပီယံ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားရဖွယ် ရှိနေပါတယ်။

သောမတ် တူချယ် ကတော့ လက်ရှိမှာ လူကာကူ ဆီကနေ ဘာတွေ မျှော်လင့်ထားလဲ ဆိုပြီး သတင်းထောက်တွေ ရဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရမှာ “ လေ့ကျင့်မယ် ၊ ထပ်ပြီး လေ့ကျင့်မယ် ၊ ပြီးရင် ကစားမယ် ၊ ပြန်လေ့ကျင့်မယ် ၊ ကစားမယ် ၊ အိပ်မယ် ၊ အစား ကောင်းကောင်းစားမယ် ၊ ရေ ၀၀သောက်မယ် ၊ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်မယ် ၊ လေ့ကျင့်မယ် ၊ အင်တာဗျူးတွေ မှာ အာချောင်စရာ မလိုပါဘူး” လို့ ခပ်တင်းတင်းပဲ ဖြေကြားထားခဲ့ ပါတယ်။

SM