အမ် ဘာပေ အတွက် ယူရို သန်း 50 နဲ့ စတင် ပြန်လည် ကမ်းလိုက်တဲ့ ရီးရဲ မက်ဒရစ်

အမ် ဘာပေ ရဲ့ လက်ရှိ စာချုပ် သက်တမ်းက ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ 1 ရက် နေ့က စလို့ သူဟာ အခြား ကလပ် အသင်း တစ်ခုခု နဲ့ တရားဝင် စကားပြောခွင့်ရှိနေပြီ ဖြစ်သလို ၊ အကြို သဘောတူမှု ရမယ် ဆိုရင်လဲ ရယူထားနိုင်ပြီ ဖြစ်ပါတယ်။

ဒီ အနေအထားမှာ ပီအက်စ်ဂျီ ဘက်က ဘာမှ နှောက်ယှက် ပိုင်ခွင့် မရှိတော့ပါဘူး။ သူတို့ အနေနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးစားမလား ၊ အဲဒီလိုမှ မဟုတ်ရင် ရာသီကုန်မှာ အလွတ်ကြေး နဲ့ လက်လွှတ်ရမယ့် အတူတူ အခု ကတည်းက ရတဲ့ ဈေးနဲ့ ရောင်းထုတ်မလား ဆိုတဲ့ ရွေးချယ်မှု နှစ်ခုပဲ ရှိပါတယ်။

သေချာတာ က ကလပ်အသင်းဘက်မှာ လုပ်ပိုင်ခွင့်က မရှိသလောက် နည်းပါးသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ ကစားသမားတွေ ကလဲ လက်ရှိ ဇန်နဝါရီမှာ ပြောင်းမလား ၊ ရာသီ အကုန်မှ အလွတ်ကြေးနဲ့ ပြောင်းပြီး “လက်မှတ် ထိုးကြေး ဘောနပ်” အများကြီးကို ခံစားမလား ဆိုတဲ့ ရွေးချယ်စရာတွေ ဖြစ်လာပါတယ်။

ဘောလုံး လောက စီးပွားရေးဟာ တစ်သင်းနဲ့ တစ်သင်း အပြိုင်အဆိုင်တွေ ဖြစ်လာတာနဲ့ အမျှ ထိပ်တန်း ကစားသမား တစ်ယောက်ကို အလကား နဲ့ ခေါ်ယူခွင့် ရမယ် ဆိုရင် အသင်းကြီးတွေ က အလုအယက် ဖြစ်လာကြပါတယ်။ ဒီကြားထဲမှာ လစာ ပမာဏကို အပြိုင်အဆိုင် ပေးကြသလို ၊ လစာ အပြိုင် စာချုပ် လက်မှတ် ထိုးကြေး ဘောနပ် ဆိုတဲ့ ဝေါဟာရမျိုး နဲ့ပါ ထပ်မံ ပေးချေကြတာပါ။

ဒါကြောင့် ဘာပေ လို ကစားသမား တစ်ယောက် အတွက် လက်ဖျားမှာ ငွေသီးတော့မယ့် နေ့ရက်တွေက လက်တစ်ကမ်းကနေ စောင့်ကြိုလျှက် ရှိနေပါတယ်။

ရီးရဲ မက်ဒရစ် ကတော့ ဘာပေ ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ မှာ ကတည်းက တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင်ကလဲ အသင်း ပြောင်းခွင့်ပေးဖို့ တောင်းဆိုခဲ့သည့်တိုင်အောင် ပီအက်စ်ဂျီ ဘက်က ငြင်းဆန်ခဲ့လို့ အပြောင်းအရွှေ့ က ဖြစ်မလာခဲ့ပါဘူး။ အဲဒီ အချိန်က ရီးရဲ မက်ဒရစ်ဟာ ဘာပေ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 180 ဝန်းကျင် နဲ့ ကမ်းလှမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ဘာပေ ကတော့ သူ့ရဲ့ နေရာကို အစားထိုးဖို့ အတွက် ပီအက်စ်ဂျီ အတွက် ရင်းနှီးငွေ ပြန်ရအောင် အသင်းပြောင်းခွင့်ပေးသင့်တယ်လို့ စကား လမ်းကြောင်းခဲ့သည့်တိုင်အောင် ၊ အပြောင်းအရွှေ့ ကိစ္စတွေ က အဆင်မပြေခဲ့တာပါ။

ရီးရဲ မက်ဒရစ် ဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာလဲ ဘာပေ ကို ခေါ်ယူဖို့ အတွက် ယူရို သန်း 50 နဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ကြောင်း အီတလီ က အေးဂျင့် ဖြစ်သူ ဘရန်ချီနီ က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

La Gazzetta နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘရန်ချီနီ က “ အခု ပီအက်စ်ဂျီ အပေါ်မှာ မူတည်သွားပါပြီ။ ရီးရဲ မက်ဒရစ် က ဒီလထဲမှာပဲ လိုချင်နေတာ ဖြစ်လို့ ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ယူရို သန်း 50 နဲ့ ကမ်းလှမ်းလိုက်ပါတယ်။

ဒီတစ်ကြိမ် ဇာတ်လမ်းမှာလဲ ဘယ်လို ပုံစံနဲ့ အဆုံးသတ်မလဲတော့ ကျနော်လဲ မပြောတတ်ပါဘူး။ အနေအထား အရတော့ ရီးရဲ ဥက္ကဌ ပီရက် ရဲ့ စတင် ခြေလှမ်းလိုက်တဲ့ ပုံစံ က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါက ကစားသမား ရဲ့ တည်ငြိမ်မှု အပေါ် အကဲစမ်းကြည့်တာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘာပဲ ဖြစ်ဖြစ်ဗျာ ဘာပေ လို ကစားသမားမျိုးကို နွေရာသီ မှာ အလကား နဲ့ လက်လွှတ်ရမယ့် အဖြစ်မျိုးက ဘယ်သူ့ ဘယ်သူ အတွက်မှ မကောင်းဘူးဗျာ။ ရှက်ဖို့လဲ ကောင်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM