အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်တဲ့ ကော်တင်ဟို

ဘာစီလိုနာ ရဲ့ အက်စ်တွန် ဗီလာ တို့ အကြား ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

သို့သော် ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူကတော့ စပါး နဲ့ အာဆင်နယ် တို့ကလဲ စိတ်ဝင်စားနေမှန်း သိထားတာ ဖြစ်လို့ ၊ မြောက်လန်ဒန် ကလပ် နှစ်ခုက တရားဝင် ချဉ်းကပ်လာမယ့် အခိုက်အတန့်ကိုလဲ မျှော်လင့်လျှက် ရှိနေပါတယ်။

ကော်တင်ဟို ရဲ့ လက်ရှိ စာချုပ်ဟာ 2023 ခုနှစ် မှာ ကုန်ဆုံးမှာပါ။

ဘာစီလိုနာ ကတော့ ဖာရန် တောရက် ကို ကစားသမား စာရင်း မှတ်ပုံတင်နိုင်ဖို့ အတွက် လစာတွေ အများကြီး ပေးထားရတဲ့ ကော်တင်ဟို ကို ရောင်းထုတ်ချင်နေပါတယ်။ ဒါကြောင့်လဲ ဗီလာ နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အဆင်ပြေစေဖို့ အတတ်နိုင်ဆုံး နည်းလမ်းအထိ လျှော့ချကာ ဆွေးနွေးနေပါတယ်။

အပြောင်းအရွှေ့ ကိစ္စက ဘယ်လို သဘောတူညီမှု ရမလဲတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အစောပိုင်းမှာ ရာသီအကုန်ထိ အငှား + အပြီးသတ် ခေါ်ယူခွင့် သဘောတူညီမှု ပုံစံမျိုး နဲ့ ဆွေးနွေးခဲ့ကြပြီး ၊ ဘာစီလိုနာ က ကစားသမား ရဲ့ လစာ တစ်ဝက်ကြေး ဆက်လက် ပေးချေရမယ့် ဆိုတဲ့ ရှုထောင့်နဲ့ စတင်ခဲ့ကြပါတယ်။

သို့သော် နောက်ပိုင်းမှာတော့ လက်ကျန် 18 လ အငှား စာချုပ် ပုံစံ နဲ့ ကစားသမား ရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ကာ ဘာစီလိုနာ ထံ ပြောင်းရွှေ့ကြေး ပုံစံမျိုး ပေးချေဖို့ စကားပြောနေကြတယ်လို့ သိရပါတယ်။

ကတ်တလန် အခြေစိုက် သတင်းတွေ အားလုံး က အက်စ်တွန် ဗီလာ နဲ့ အပေးအယူ တည့်လိမ့်မယ်လို့ ဆိုပါတယ်။

Sky Sports ကတော့ အခြား ကလပ် အသင်း တစ်ခုကလဲ ချိန်ရွယ်နေသေးတာ ဖြစ်လို့ ၊ ဗီလာ နဲ့ အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့ မရသေးသည့်တိုင်အောင် ဗီလာ ပါ့ခ် ကိုပဲ ရောက်ဖို့ ရာခိုင်နှုန်း များနေတယ်လို့ ရေးသားသွားခဲ့ ပါတယ်။

ကစားသမား ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဒီကနေ့မှာ ဆုံးဖြတ်ချက် ချမှတ်မှာပါ။ ဒါကြောင့် ညပိုင်းမှာ အပြောင်းအရွှေ့ သတင်းက ပိုပြီး ထူးခြားလာဖွယ် ရှိနေပါတယ်။

ဗီလာ နည်းပြ ဂျရတ် ကိုယ်တိုင်ကတော့ ကော်တင်ဟို နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဘရာဇီး အတွက် 63 ပွဲတောင် ကစားပေးထားတယ် ၊ ရောက်တဲ့ နေရာတိုင်း အောင်မြင်မှု ရသလို ၊ လီဗာပူး မှာတုန်း ကဆိုရင် မယုံကြည်နိုင်စရာ ခြေစွမ်းတွေ ဆက်တိုက် ပြသခဲ့တာပါ။ ဒါကြောင့် လက်ရှိမှာ သူ့ကို လိုချင်တဲ့ အသင်းတွေ အရမ်းများလာတာ ကို နားလည်ကြည့်လို့ ရပါတယ်။

မှော်ဆရာ ဆိုတဲ့ နာမည်ပြောင်က တော်ရုံ စွမ်းဆောင်ရည်မျိုးလောက်နဲ့ ပိုင်ဆိုင်ခွင့်ရှိမယ် မထင်ပါနဲ့ ၊ ဒါကြောင့် ကျနော်က သူ့ကို ကစားသမား တစ်ယောက် အနေနဲ့ အရမ်းကို လေးစားမိတာပါ။ ဒါပေမယ့် အဲဒီလို ပြောလိုက်လို့ အပြောင်းအရွှေ့ သတင်းတွေ နဲ့ တွဲပြီး မမြင်စေချင်ပါဘူး။ လက်ရှိ အချိန်ထိ သူဟာ ဘာစီလိုနာ ကစားသမား ပါပဲ။

ဘာစီလိုနာ နဲ့ အတူ လာလီဂါ ဖလား 2 လုံး နဲ့ ကိုပါဒယ်ရေး ဖလား ဆွတ်ခူးထားခဲ့ပါတယ်။

Wiki မှာ ကော်တင်ဟို ရဲ့ အကြောင်းကို လှန်ကြည့်လိုက်မယ် ဆိုရင် ရောက်တဲ့နေရာတိုင်းကို အောင်မြင်မှုတွေ ယူပြခဲ့သူ ဆိုတာ ကွင်းကွင်းကွက်ကွက်ကို မြင်ကြရမှာပါ။ သူ့အကြောင်း ပြောရရင် ကျနော့်မှာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် သတင်းသမားတွေ အချိန်ပေးနိုင်သလောက် ကို ကျနော့်ဘက်က ပြောပြလို့ ရပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ်။

SM