အနူတောမှာ လူချောဖြစ်တဲ့ ဖီးလ်ဂျုံးစ် ၊ ဝုဗ် နဲ့ ပွဲက သရဲနီ တို့ရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဝုဗ် နဲ့ ပွဲက ခြေစွမ်းကတော့ ပရိသတ်တွေကို အကြီးအကျယ် စိတ်ပျက် သွားစေခဲ့ ပါတယ် ။

၂၀၂၂ ရဲ့ ပထမဆုံး ပွဲအဖြစ် အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ဝုဗ် ကို ယူနိုက်တက် တို့ ဧည့်ခံ ကစားခဲ့ပြီ မော်တင်ဟို ရဲ့ မိနစ် ၈၀ ကျော် သွင်းဂိုးနဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ဒီရှုံးပွဲ ဟာ ယူနိုက်တက် ကို အဆင့် ၅ နေရာကို ရောက်နိုင်မယ့် အခွင့်အရေး ကို လက်လွှတ် ရစေခဲ့သလို အဆင့် ၄ က အာဆင်နယ် နဲ့လည်း ၄ မှတ် ဆက်လက် ကွာဟ နေစေခဲ့ ပါတယ် ။

ရန်းနစ် ကတော့ ၄-၂-၂-၂ ကိုပဲ ဆက်သုံးခဲ့ ပါတယ် ။ ဘန်လေ နဲ့ ပွဲမှာ အလုပ်ဖြစ်ခဲ့ ပေမယ့် ဒီတပွဲမှာတော့ ယူနိုက်တက် တို့ ကစားပုံ က တော်တော်လေး ဆိုးရွားခဲ့ပါတယ် ။

ဝုဗ် ကွင်းလယ်က နီဗက်စ် + မော်တင်ဟို အတွဲကို မစိုးမိုး နိုင်ခဲ့ ပါဘူး ။ အပေးအယူတွေ ကလည်း နလန်ထ လူတွေ ရဲ့ အားတွေနဲ့ ပေးနေသလားတောင် ထင်ရပါတယ် ။

ကိုဗစ် ကနေ နလန်ပြန်ထလာတာက ဝုဗ် လား မန်ယူနိုက်တက် လားလို့တောင် ပြန်မေးရမယ့် အနေအထားပါ ။

ပထမပိုင်းမှာ အန္တရာယ် ပေးနိုင်လောက်တဲ့ အခွင့်အရေး ၂ ကြိမ်ကို ဖန်တီးနိုင်မယ့် အနေအထားတွေ ရှိခဲ့ ပါတယ် ။

ရိုနယ်ဒို ကို မပေးဘဲ ဆန်ချို ကန်လိုက်တဲ့ တခေါက် နဲ့ ဂရင်းဝုဒ် ကို မပေးဘဲ ကာဗာနီ ကန်ဖို့ ကြိုးစား ခဲ့တဲ့ တကြိမ်ပါ ။

ဒါတွေကိုသာ သေချာ အသုံးချနိုင်ခဲ့မယ် ဆိုရင် ၊ အဲ့ဒိ ၂ ကြိမ် ကနေ ၁ ကြိမ်လောက် ဂိုးဖြစ်ခဲ့မယ် ဆိုရင် ဒီပွဲက ဒီလောက် ဆိုးဆိုး ရွားရွား မဖြစ်သွားလောက်ဘူးလို့ ပြောရမှာပါပဲ ။

ဝုဗ် ဘက်ကလည်း နီဗက်စ် ရဲ့ ကန်ချက် တကြိမ်ကလွဲရင် ဒီဂီယာ ကို ထိတ်လန့် စေလောက်အောင် မခြိမ်းခြောက် နိုင်ပါဘူး ။

ဒါပေမယ့် ခံစစ်က လုံး၀ ကျစ်လျစ် ခဲ့ပြီး မိနစ် ၇၀ အထိ ထောင့်ကန်ဘော တလုံးမှ မပေးရအောင် ကစား ပြသွားနိုင်ခဲ့ပါတယ် ။

ဝုဗ် ညာနောက်ခံလူ ဆီမီဒို ဟာ ဆန်ချို ကို ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ် ထားနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် ကိုဒီ ကလည်း ဖြတ်တင်ဘောမှန်သမျှ ကို ရှင်းထုတ် နိုင်ခဲ့ ပါတယ် ။

ဝုဗ် ရဲ့ တန်ပြန် တိုက်စစ်တွေ က ဘောလုံးဆွဲပြေး နိုင်ပေမယ့် ယူနိုက်တက် ဧရိယာ နောက်မှာ ပျက်သွားလိုက် ၊ ထောင့်ကန်ဘော ဖြစ်သွားလိုက် နဲ့သာ အဆုံးသတ် သွားခဲ့ ပါတယ် ။

ဒါပေမယ့် ကွင်းထဲက ခြေကတော့ ဝုဗ် က ယူနိုက်တက် ထက် ပိုကောင်းခဲ့ပြီး အနိုင်ရလဒ် နဲ့ ပိုထိုက်တန်ခဲ့တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး ။

ယူနိုက်တက် ကတော့ လာမယ့် ပွဲမှာ ရလဒ် ပြန်ကောင်း နိုင်ဖို့ကိုပဲ အာရုံစိုက်ရ တော့မှာပါ ။

ဒီပွဲမှာ ပါဝင် ကစားသွားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက်တွေ ကတော့ –

ဒဟဲယား ( ၆ )

ပထမပိုင်းမှာ ရူဘင် နီဗက်စ် ရဲ့ ကန်ချက်ကို အံ့မခန်း ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ နောက်ထပ် တားဆီးမှု တခု ပြုလုပ် ခဲ့သေးပေမယ့် မော်တင်ဟို ရဲ့ ကန်ချက် ကိုတော့ ဘာမှ မလုပ်နိုင်အောင် ဖြစ်သွားခဲ့ရ ပါတယ် ။

ဘစ်ဆာကာ ( ၅ )

ချန်လှပ်ခံရအပြီး ပြန်ကစားတဲ့ ပွဲတိုင်းမှာ ဘစ်ဆာကာ တယောက် အရင်ကထက် ပိုပြီး ဆိုးလာသလို ပါပဲ ။

ဒီပွဲမှာလည်း အကြိမ်များစွာ ဖြတ်တင် ခဲ့ပေမယ့် ဘာမှ ထိရောက်မှု မရှိခဲ့ ပါဘူး ။

ဗာရန်း ( ၆ )

ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲကထက် ပိုပြီး တည်ငြိမ်ခဲ့ပါတ် ။ ၃ လ လောက် နားရ အပြီးမှ ပြန်ကစားခဲ့ရတဲ့ ဒုတိယမြောက် ပွဲက ကစားပုံ ကတော့ မဆိုးခဲ့ဘူးလို့ သတ်မှတ်ရမှာပါ ။

ဖီးလ်ဂျုံးစ် ( ၇ )

ပရီးမီးယားလိဂ် ပွဲထွက် စာရင်းနဲ့ ရက်ပေါင်း ၇၀၈ ရက်ကြာ ဝေးကွာ အပြီးမှာတော့ ဂျုံးစ် ဟာ ကောင်းမွန်တဲ့ ကစားပုံ တခုကို ပြသ နိုင်ခဲ့ ပါတယ် ။ မနေ့ညက ယူနိုက်တက် ကစားသမားတွေ ထဲမှာတော့ ဖီးလ်ဂျုံးစ် က Rating အကောင်းဆုံးပါပဲ ။ ပထမပိုင်းမှာ ဆိုရင် ပိုပြီး သိသာ ခဲ့ပါတယ် ။

လုခ်ရှော ( ၅ )

တိုက်စစ် ကို ကောင်းကောင်း မပံ့ပိုး နိုင်ခဲ့သလို ဝုဗ် ရဲ့ လျှင်မြန်တဲ့ တန်ပြန် တိုက်စစ် ကိုလည်း ခက်ခက် ခဲခဲ ထိန်းချုပ် ခဲ့ရ ပါတယ် ။ အင်္ဂလန်သား အတွက်တော့ ပုံစံကောင်း မရခဲ့တဲ့ ညလို့ ဆိုရမှာပါပဲ ။

တော်မီနေး ( ၄ )

ဘန်လေ နဲ့ ပွဲမှာ ဟီးရိုး ဖြစ်ခဲ့ပေမယ့် ဒီပွဲမှာတော့ တော်မီနေး တယောက် ဘာမှ မလုပ်ပြ နိုင်ခဲ့ ပါဘူး ။

ဘောလုံး ပေးပို့မှုတွေ မတိကျ မသေသပ် ခဲ့သလို ဝုဗ် ကွင်းလယ်က နီဗက်စ် နဲ့ မော်တင်ဟို ကိုလည်း မလွှမ်းမိုး နိုင် ဖြစ်ခဲ့ပါတယ် ။

မာတစ် ( ၅ )

တော်မီနေး ထက်စာရင်တော့ မာတစ် ဟာ ခံစစ်ပိုင်းမှာရော တိုက်စစ် လိုက်ပါပြီး ချိတ်ဆက် ပေးမှု အပိုင်းမှာပါ ပိုပြီး ကောင်းခဲ့ ပါတယ် ။

ဒါပေမယ့် အသင်းရဲ့ ရလဒ် တခုအတွက် အထိုင် ကွင်းလယ်လူ တယောက်ဆီက မျှော်လင့် နေရမယ်ဆိုတာ ကတော့ မဟုတ်သေးပါဘူး ။

မေဆင် ဂရင်းဝုဒ် ( ၆ )

တကိုယ်တော် လိမ်ခေါက်မှုတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ကန်သွင်းမှုတွေ ၊ အဆုံးသတ် ချိတ်ဆက် ဖန်တီးမှုတွေ ရဲ့ ထိရောက်မှု ကတော့ သုည ပါပဲ ။ အသက် ၂၀ ပဲ ရှိသေးတဲ့ ကောင်လေး တယောက် အနေနဲ့ အများကြီး သင်ယူ လေ့လာရဦး မှာပါ ။

ဂျေဒန် ဆန်ချို ( ၃ )

မန်ချက်စတာ ယူနိုက်တက် က နှစ်ပေါင်းများစွာ စောင့်ပြီး ခေါ်ခဲ့ရတဲ့သူ ဟာ ဒီ ကစားသမား ဟုတ်လေရဲ့လား လို့တောင် တွေးမိရတဲ့ အထိ ဖြစ်ခဲ့ ပါတယ် ။

တယောက်ချင်းလည်း မလိမ်နိုင် ၊ ကာယပိုင်းလည်း ဝုဗ် ကစားသမားတွေကို မယှဉ်နိုင်ခဲ့သလို ဘာဖန်တီးမှု ၊ ဘာကန်သွင်းမှု မှ အထမမြောက်ခဲ့ ပါဘူး ။ ယူနိုက်တက် ရဲ့ အညံ့ဆုံး ကစားသမားပါပဲ ။

ကာဗာနီ ( ၄ )

ခါးပြတ်နေတဲ့ ကွင်းလယ် ကို ဆင်းကူရတာမို့ ကာဗာနီ ရော ရိုနယ်ဒို ပါ ခြေမပေါ် ဖြစ်ခဲ့ ကြပါတယ် ။

၃၄ နှစ် ကစားသမား တယောက်ဆီက လိမ်ခေါက်မှုတွေ ၊ ပြေးလွှား တွန်းတိုက်မှုတွေကို အချိန်ပြည့် မျှော်လင့်လို့ မရနိုင်ပါဘူး ။ လူငယ်တွေ ညံ့တဲ့ ပွဲမှာ လူကြီးတွေ ဘာမှ မလုပ်နိုင်တော အရမ်းတော့ ထူးဆန်းတဲ့ အရာ မဟုတ်ဘူးလို့ ပြောရမှာပါ ။

တကယ်လို့ ကာဗာနီ သာ ပထမပိုင်းမှာ ရခဲ့တဲ့ အခွင့်အရေးကို ဂရင်းဝုဒ် ကိုသာ ထိုးပေးခဲ့မယ်ဆိုရင် . . . .

ရိုနယ်ဒို ( ၄ )

နောက်တန်း အထိ ဆင်းပြီး လိုက်ကစားပေးခဲ့ ပါတယ် ။ ဒါပေမယ့် ၃၆ နှစ် ရှိနေပါပြီ ။ ထောက်ပံ့ ဖန်တီးမှုတွေ မရှိရင် ဘာမှ မလုပ်နိုင်တော့ သလောက်ပါပဲ ။

ဖာနန်ဒက်စ် ဝင်လာပြီး နောက်ပိုင်းမှသာ ကန်ခွင့် အနည်းငယ် ရခဲ့တာပါ ။ ဒါပေမယ့် ပေါ်တူဂီသားကြီး အတွက် တော့ စိတ်ပျက်စရာ ညတည အဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့ရ ပါတယ် ။

လူစားဝင် ကစားသမားများ –

ဖာနန်ဒက်စ် – 5

ရက်ဖိုဒ့် – 3

အီလန်ဂါ – ကစားချိန် နည်းပါး

 

SPORTS MYANMAR