အင်္ဂလန် ဘောလုံးလောက ကို ပွက်လောညံအောင် ရိုတ်ခတ်သွားတဲ့ အာဆင်နယ် 1-2 မန်စီးတီး ပွဲစဉ်က ဒိုင်တွေ ရဲ့ စွမ်းဆောင်ရည်များ

မနေ့ညက ယှဉ်ပြိုင် ကစားသွားတဲ့ အာဆင်နယ် နဲ့ မန်စီးတီး တို့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် နဲ့ VAR ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက်ကြောင့် အင်္ဂလန် မီဒီယာ လောက အကြား ပွက်ပွက်ညံအောင် ဖြစ်သွားခဲ့ပါတယ်။

မီဒီယာ သမားတွေ က သူတို့ နိုင်ငံဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး ပြိုင်ပွဲ ကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ၊ စွမ်းဆောင်ရည် အကောင်းဆုံး ဒိုင်လူကြီးတွေတော့ ပိုင်ဆိုင်ထားရဲ့လား ဆိုတဲ့ မေးခွန်းကို ဦးတည်ကာ ဝိုင်းဝန်း ထိုးနှက်ခဲ့ကြတာပါ။

ဒေးလီးမေးလ် သတင်းစာရဲ့ အားကစား အယ်ဒီတာချုပ် အိုလီဗာ ဟော့ ကတော့ “ ဆုံးဖြတ်ချက်တွေ က အာဆင်နယ် အတွက် ပြင်းထန်လွန်းပါတယ်။ VAR နည်းပညာ ကို အကျိုးရှိရှိ အသုံးချမယ် ဆိုရင် ပထမပိုင်းမှာ အီဒါဆင် က အိုဒီဂတ် ကျူးလွန်းလိုက်တာ လုံး၀ ကို ထင်ရှားနေတာပါ။ VAR က ဒါကို မြင်အောင် မကြည့်နိုင်တာ ဘယ်နည်းနဲ့မှ နားလည်ပေးလို့ မရပါဘူး” လို့ ရေးသား သွားခဲ့ ပါတယ်။

Times သတင်းစာကြီး ရဲ့ အားကစား အယ်ဒီတာချုပ် ဟင်နရီ ဝင်တာ ကလဲ ဒီပွဲ နဲ့ ပတ်သက်ပြီး “ ဒိုင်လူကြီးတွေ ရဲ့ အရည်အသွေးကို မမြင့်တင်နိုင်ပဲ နဲ့ တော့ VAR ဟာ ပရီးမီးယားလိဂ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အာဆင်နယ် vs မန်စီးတီး ပွဲမှာ မမျှတတဲ့ ပင်နယ်တီ ဆုံးဖြတ်ချက် 2 ခု တွေ့လိုက်ရပါတယ်။

နှစ်ခုစလုံးကို ပင်နယ်တီ ပေးရမှာပါ။ ဒါပေမယ့် တစ်ခုပဲ သတ်မှတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ကစားသမားတွေရော ၊ ပရိသတ်တွေ ပါ စိတ်ပျက်ကြပါတယ်။ ပွဲ အရသာလဲ ပျက်သွားပါတယ်။ ဒိုင်လူကြီး တစ်ချို့ ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်ပေမယ့် ၊ အားလုံး ခြုံကြည့်လိုက်မယ် ဆိုရင် ပရီးမီးယားလိဂ် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ကိုက်ညီမှု မရှိသေးပါဘူး” လို့ ထောက်ပြ ဝေဖန်သွားခဲ့ ပါတယ်။

ဒိုင်လူကြီးတွေ ရဲ့ စွမ်းဆောင်ရည်တွေ နဲ့ ပတ်သက်ပြီး မန်စီးတီး ပရိသတ် တစ်ချို့ နဲ့ အပြန်အလှန် ဖြစ်ခဲ့တာ က The Athletic က အယ်ဒီတာ ဟိုနစ်စတိန်း ဖြစ်ပါတယ်။ သူကလဲ အခု ပွဲစဉ် အပေါ် သူ့အမြင် ကို ရေးသားရင်းကနေ ပရိသတ်တွေ နဲ့ အပြန်အလှန် အခုလို မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဟိုနစ်စတိန်း – “ ပင်နယ်တီ လုံး၀ ပေးစရာ မလိုဘူး ။ ချာကာ ဟာ ဂျာစီ ဆွဲတယ် ဆိုပေမယ့် သူမဆွဲခင် ကတည်းက ဘာနာဒို ဆေးဗား အသေးဖွဲ့လေး ထိလိုက်လို့ လဲကျနေပြီ။ ဒိုင်ရဲ့ ဆုံးဖြတ်ချက် ညံ့လွန်းပါတယ်”

ပရိသတ် – “ ချာကာ က ဒူးနဲ့ အရင် ဘလော့တာပါ။ ပြီးမှာ ဂျာစီ ကို ထပ်ပြီး ဆွဲတာပါ။ ဘယ်အချိန် ပြန်ကြည့်ကြည့် ပင်နယ်တီပါပဲ။ ဒါမျိုး အတွက် VAR တောင် မလိုပါဘူး။ ပြီးခဲ့တဲ့ အပတ် က ဝက်စ်ဟမ်း ကွင်းထဲမှာ ဆောက်သမ်တန် ကို ပင်နယ်တီ ပေးခဲ့တာလဲ ဒါမျိုးပါပဲ”

ဟိုနစ်စတိန်း – “ ငါတော့ ဒူး နဲ့ ကာလိုက်တယ် ဆိုတာ ကို မြင်ကို မမြင်လိုက်တာ။ ဘာနာဒို ဆေးဗား က အဲဒီလို ဖြစ်အောင် ဖန်တီးဖို့ ရည်ရွယ်နေလို့ ချာကာ က နောက်တောင် ဆုတ်နေပြီ ၊ ထိစရာ အကြောင်းကို မရှိတာ။ အဲဒီ အနေအထားမှာ Minimal Contact တော့ရှိတယ်။ ဒါတောင် ပင်နယ်တီ ပေးတယ် ဆိုသေးရင် ဆွဲလိုက်လို့ ပင်နယ်တီ ပေးတာပဲ ဖြစ်မှာပါ။

ဒီနေရာမှာ အတ်ဝဲ က ဆွဲထားတာကို မမြင်လိုက်လို့ VAR က ပြန်ကြည့်ပေးဖို့ အကြံပြုတာမျိုး ဆိုရင် နားလည်ပါတယ်။ ဒါပေမယ့် ဒါကလဲ နောက်ထပ် ဒိုင်တွေရဲ့ ညံ့ဖျင်းလွန်းတဲ့ လုပ်ဆောင်ချက်ပါပဲ။

ဆွဲတယ်ပဲ ထားပါတော့ အတ်ဝဲ အနေနဲ့ ဆွဲလိုက်တာ လုံလောက်ရဲ့လား ၊ ဘာနာဒို ဆေးဗား က ဆွဲလိုက်လို့ လဲကျသွားတာ မှန်ရဲ့လား ဆိုတာ သေချာစစ်ရမှာပါ။ ယူရို 2020 မှာ သုံးသွားတဲ့ ဒိုင်လူကြီးများ ကိုးကားရမယ့် စာအုပ်ထဲမှာ ဒီအကြောင်းကို သေချာ ညွှန်းထားပါတယ်” လို့ တုန့်ပြန် ရေးသား သွားခဲ့ပါတယ်။

SM