ဟာလန်း ကို ခေါ်ယူမယ် ဆိုပါက ကုန်ကျစာရိတ် ယူရို သန်း 350 အထိ ရှိမယ်လို့ ခန့်မှန်းလိုက်တဲ့ Marca

ဒေါ့မွန် ဟာ သူတို့ရဲ့ တိုက်စစ်မှုး အယ်လင် ဟာလန်း ကို အနာဂတ် နဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခု ချမှတ်ဖို့ ဖိအားတွေ စတင်ပေးလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား အနေနဲ့ ရာသီကုန်ရင် အသင်းမှာ ဆက်နေမှာလား ၊ အခြား ဥရောပ အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ ကစားမှာလား ဆိုတဲ့ အပေါ် ဆုံးဖြတ်ချက် ချရတော့မှာပါ။

အသက် 21 နှစ် အရွယ် နော်ေ၀ တိုက်စစ်မှုးဟာ လက်ရှိ ဥရောပ ရဲ့ အလားအလာ အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံထားရပြီး ၊ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် က မန်စီးတီး ၊ ပြင်သစ် လီဂူး က ပီအက်စ်ဂျီ ၊ ဘွန်ဒက်လီဂါ က ဘိုင်ယန် နဲ့ စပိန် က ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် အသင်းတွေက အသီးသီး စိတ်ဝင်စားနေကြပါတယ်။

ဖရိုင်းဘာ့ဂ် ကို 5-1 နဲ့ အနိုင်ရရှိတဲ့ ပွဲမှာ ဟာလန်းဟာ ဒေါ့မွန် အတွက် 2 ဂိုး သွင်းယူခဲ့ပြီးနောက် ၊ ကလပ် အသင်းက သူ့အပေါ် ဖိအားပေးလာတဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ ပါတယ်။

“ လွန်ခဲ့တဲ့ 6 လ အတွင်း ကျနော့် ရဲ့ ရွေးချယ်မှု နဲ့ ပတ်သက်လို့ တစ်ခွန်းမှ မဟဖို့ စည်းစောင့်ခဲ့ပါတယ် ၊ ဒါကလဲ ဒေါ့မွန် အပေါ် လေးစားမှု ရှိတဲ့ အကြောင်း ပြသချင်လို့ပါ။ ဒါပေမယ့် အခုတော့ ကလပ် အသင်း ကိုယ်တိုင်က ဆုံးဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား ချဖို့ ဖိအားပေးလာပါပြီ။

ကျနော့် စိတ်ထဲမှာ ရှိတာ က ဘောလုံး ကစားခွင့် ရနေရင် အဆင်ပြေပြီပေါ့။ ဒါပေမယ့် အသင်းက ဖိအားတွေ ပေးလာတော့လဲ ၊ မကြာခင်မှာ အနာဂတ် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရတော့မှာပေါ့ဗျာ” လို့ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

တဆက်တည်းမှာပဲ အဲဒီ အနာဂတ် နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ နောက်ထပ် ပြောင်းရွှေ့ ကစားမယ့် အသင်းနဲ့ ပတ်သက်ပြီးလား လို့ မေးမြန်းချိန်မှာတော့ တိုက်စစ်မှုးလေး က – “ ဒေါ့မွန် ဘက်က အဲဒီလိုပဲ ဖြစ်စေချင်တာ ထင်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုတွေ က လုပ်ရတော့မှာပါ။ တဖက်က အတင်းကြီး ဖိအားပေးနေတော့လဲ ၊ ကျနော် က လက်ခံပေးရမှာပေါ့၊ ဒါကြောင့် အခုချိန် က စလို့ အနာဂတ် ကိစ္စတွေ ဖြေရှင်း ပါတောမယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ ပါတယ်။

ဟာလန်း ရဲ့ ပြောဆိုချက်ဟာ သူ့ကို လိုချင်တဲ့ ထိပ်သီး အသင်းကြီးတွေ အားလုံးကို တပ်လှန့်လိုက်သလိုပါ။
တစ်ချိန်တည်းမှာ ပီအက်စ်ဂျီ ကလဲ အမ်ဘာပေ ကို စာချုပ်သစ် သက်တမ်းတိုးနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ရီးရဲ မက်ဒရစ် ကတော့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ထိပ်တိုက် မတွေ့ဆုံခင် ဒီလို သတင်းမျိုးတွေ ထွက်ပေါ်လာတဲ့ အပေါ် အံ့အားသင့်ခြင်း မရှိဘူးလို့ အသံလွှင့်ထားပြီး ၊ ရာသီ အကုန်မှာ ဘာပေကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေ ခိုင်မာနေဆဲ လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာ ရီးရဲဟာ ဟာလန်း ကိုပါ ခေါ်ယူဖို့ မျက်စိ ကျနေဆဲ ဖြစ်ပါတယ်။

ပီရက်ဇ် ဟာ စိတ်ကူး စိတ်သန်းထည့်ရာမှာ အကြံကြီးလွန်းတာကြောင့် ဟာလန်း နဲ့ ဘာပေ တို့ နှစ်ယောက် စလုံးကို တပြိုင်နက် ခေါ်ယူဖို့ ဘယ်လို ကြိုးစားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

တဖက်မှာ ဖာရန် တောရက် ကိုတောင် ကစားသမား မှတ်ပုံတင်ဖို့ မနည်းကြိုးစားလိုက်ရတဲ့ ဘာစီလိုနာ ကလဲ ဟာလန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အကြောင်း တသွင်သွင် ပြောဆိုလျှက် ရှိနေပါတယ်။ လာပေါ်တာ ဟာ လူကြိုက်များစေဖို့ စကားလုံးပွတာလား ဆိုတာ မသိရပေမယ့် ၊ ဟာလန်း တောင်းဆိုလာမယ့် လစာ ပမာဏမျိုး အထိ ပေးဖို့ ဆိုတာ ဘာစီလိုနာ အတွက် စိန်ခေါ်မှု ကြီးမားနေဆဲ ဖြစ်ပါတယ်။

အင်္ဂလန် သတင်းတွေ ကတော့ မန်စီးတီး ဟာ ဟာလန်း ကို ခေါ်ယူဖု့ိ နီးစပ်မှု အရှိဆုံး ကလပ်လို့ ဆိုထားပြီး ၊ ဟယ်ရီကိန်း ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ အတွက် ဟာလန်း ဆီ ပြောင်းလဲကာ ချိန်ရွယ်ထားနေပြီလို့ ရေးသားထားကြပါတယ်။

စပိန် အခြေစိုက် သတင်းစာကြီး ဖြစ်တဲ့ Marca မှာတော့ ဟာလန်း ကို ခေါ်ယူမယ့် ကုန်ကျစာရိတ် ဟာ ယူရို 350 သန်း အထိ ရှိလိမ့်မယ်လို့ တွက်ပြထားပါတယ်။ ဒေါ့မွန် နဲ့ စာချုပ် ဖျက်သိမ်းကြေး က ယူရို 75 သန်း ဖြစ်ပြီး ၊ ဒီကြားထဲမှာ ရွိုင်းအိုလာ ကို ပွဲခ အများကြီး ပေးရဦးမှာ ဖြစ်တဲ့ အပြင် ၊ ကစားသမား ကိုလဲ အနည်းဆုံး 6 နှစ် စာချုပ် ချုပ်ရမှာ ဖြစ်လို့ စုစုပေါင်း ကုန်ကျစာရိတ် က ယူရို 350 သန်း အထိ ရှိလိမ့်မယ်လို့ တွက်ချက်ပြသွားခဲ့ ပါတယ်။

SM