သူလေးစားအားကျရတဲ့ လီဗာပူး ကစားသမားကို ထုတ်ဖော်လိုက်တဲ့ ၀က်ဟမ်းတိုက်စစ်မှုး ဘို၀မ်

ဂျရော့ဘို၀မ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ကို စိန်ခေါ်လျက် ရှိနေတဲ့ ၀က်ဟမ်း အသင်း အတွက် ခြေစွမ်းပြ ကစားလျက် ရှိနေသူ ဖြစ်ကာ မကြာမီမှာပဲ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် နည်းပြ ဂါရက်ဆောက်ဂိတ်ရဲ့ ခေါ်ယူခြင်းကို ခံရတော့မယ့် သူအဖြစ် သတင်းကြီးလျက် ရှိနေပါတယ်။

ဘို၀မ်ဟာ ဒီရာသီမှာ ၀က်ဟမ်း အသင်း အတွက် ၆ ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပေးထားခဲ့သူ ဖြစ်ပြီး ဟူးစီးတီး ကနေ ၀က်ဟမ်းကို ရောက်လာခဲ့ပြီးနောက် တစ်ရာသီပြီး တစ်ရာသီ ပိုပို ကောင်းလာခဲ့သူ ဖြစ်ပါတယ်။ ဟမ်းမား တိုက်စစ်မှုးက လီဗာပူး အသင်းရဲ့ ကြယ်ပွင့် ဖြစ်သူ မိုဟာမက်ဆာလားဟာ သူ လေးစား အတုယူရသူ ဖြစ်တယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

ဆာလားဟာ ရိုးမား ကနေ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက် အသင်း အတွက် ရာသီတိုင်းမှာ ဂိုးတွေ များစွာ သွင်းယူပေးထားခဲ့တဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ကာ အန်ဖီး ကလပ်နဲ့ အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား စူပါဖလား ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒ့ါအပြင် အီဂျစ်စတားဟာ ဒီရာသီ လီဗာပူး အတွက် အထူး ခြေစွမ်းပြလျက် ရှိနေသူ ဖြစ်ပြီး ကလပ် အတွက် ၂၆ ပွဲမှာ ၂၃ ဂိုးထိ သွင်းယူထားခဲ့ကာ အသင်းဖော်တွေ အတွက် ၁၁ ဂိုး ဖန်တီး ပေးထားခဲ့ ပါတယ်။

ဒါ့ကြောင့်လည်း လက်ရှိ form အရ ဆာလားကို ကမ္ဘာ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်နေကြတာ ဖြစ်ပြီး ဘို၀မ်က သူ့အနေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလို level မျိုးကို ရောက်ရှိနိုင်ဖို့ အတွက် မျှော်လင့်မိကြောင်း ဆိုလိုက် ပါတယ်။

ဘို၀မ်က “လီဗာပူး တိုက်စစ်မှုး မိုဆာလားဟာ အပြီးပြည့်စုံဆုံး ဥပမာ တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကိုယ်တိုင် ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တဲ့ အပြင် အသင်းဖော်တွေ အတွက်လည်း ဖန်တီးမှုတွေ အများအပြား လုပ်ပေး ခဲ့ပါတယ်။ သူဟာ ပွဲရလဒ် အပေါ်ကို များစွာ သက်ရောက်မှု ရှိစေသူ ဖြစ်ပြီး လီဗာပူး ကို ပြောင်းရွေ့ လာခဲ့ပြီး နောက်ပိုင်း ရာသီတိုင်းမှာ ဒါတွေကို တောက်လျှောက် လုပ်ပြထားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကျွန်တော် အတုယူ အားကျရတဲ့ ကစားသမား တစ်ဦး ဆိုတာ အသေအချာ ပါပဲ။ ကျွန်တော် ကတော့ သူဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးလို့ ထင်ပါတယ်။ ကစားသမား တစ်ဦး အနေနဲ့ ကိုယ်နဲ့ နေရာတူမှာ ကစားတဲ့ သူတွေကိုပဲ အမြဲတမ်း သတိထား စောင့်ကြည့်လေ့ ရှိပြီး သူတို့ ဆီကနေ လေ့လာ သင်ယူမှုတွေ ပြုလုပ် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူးတို့ လာမည့် နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထား နေတဲ့ ကစားသမား တွေထဲမှာ ဘို၀မ်လည်း အပါအ၀င် ဖြစ်ပြီး အန်ဖီး ကလပ်ဟာ ၎င်းကို ကာလတစ်ခုကြာ အနီးကပ် စောင့်ကြည့် နေခဲ့တာ ဖြစ်ပါတယ်။ ဘို၀မ်ဟာ ဟမ်းမား တို့နဲ့ လာမည့် ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ၎င်းကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် ပေါင်သန်း ၅၀ ပတ်၀န်းကျင် သုံးရနိုင်တယ်လို့ သိရပါတယ်။

SM