သူတို့ အနိုင် ရခဲ့ပေမယ့် အာဆင်နယ် က ပိုကောင်းခဲ့ကြောင်း ဝန်ခံလိုက်တဲ့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ

၂၀၂၂ ခုနှစ် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ ပြီးဆုံး သွားခဲ့ပါပြီ ။ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ရိုဒရီ ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အဝေးကွင်းမှာ အာဆင်နယ် အသင်း ကို အနိုင် ရသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ မန်စီးတီး ထက် ကစားပုံ ပိုကောင်းခဲ့ပြီး ဆာကာ ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ရှာကာ ဟာ ဘာနန်ဒိုဆေးလ်ဗား ကို ပြစ်ဒဏ် ကျူးလွန်တယ်ဆိုပြီး ကွင်းလယ် ဒိုင်လူကြီး က မန်စီးတီး ဘက်ကို ပင်နယ်တီ ကန်ခွင့် ပြုခဲ့ပါတယ် ။

 

အဆိုပါ ပင်နယ်တီကို မာရက်ဇ် က အမှားအယွင်း မရှိ ဝင်အောင် ကန်သွင်း နိုင်ခဲ့တာကြောင့် စီးတီး တို့ ချေပဂိုး ပြန်လည် ရရှိ ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရဲလ် ဟာ နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ် ခံရတာကြောင့် ဂန်းနားတို့ တစ်ယောက်လျော့ နဲ့ ကစားခဲ့ရပါတယ် ။

၁-၁ နဲ့ သရေရလဒ်ထွက်ပေါ် နေပြီ ထင်မှတ်နေချိန်မှာ ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ ရိုဒရီ က မန်စီးတီး အတွက် အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် လက်ရှိ ချန်ပီယံ တို့ ဒုတိယ နေရာက ချဲလ်ဆီး ကို ၉ မှတ်ဖြတ်ကာ ဆက်လက် ဦးဆောင် နိုင်ခဲ့ပါတယ်

ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ပြိုင်ဘက် အာဆင်နယ် အသင်းက သူတို့ထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။ ” ဒီလိုကာလမှာ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရတယ်ဆိုတာ သိပ်ကောင်းပါတယ် ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့အရန်လူစာရင်းကို ကြည့်လိုက်ပါ ၊ အကယ်ဒမီ က ၄ ဦးတောင် ပါပါတယ် ။ ”

” ဒီရာသီ ကျွန်တော်တို့ အသင်းမှာ ကိုဗစ် ဖြစ်နေကြသူတွေရော ဒဏ်ရာရနေကြသူတွေရော များပါတယ် ။ ဒီကာလမှာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အင်မတန် ပင်ပန်း ခဲ့ရပါတယ် ၊ အာဆင်နယ် က ပိုကောင်းခဲ့ပါတယ် ၊ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုး ဖြစ်တတ်တာပါပဲ ၊ တစ်ခါတစ်လေမှာ ကျွန်တော်တို့လည်း ဒါမျိုး ကြုံရတာပါပဲ ။ ”

” ကျွန်တော့် ကစားသမားတွေကို Congratulations လို့ ပြောချင်ပါတယ် ၊ ကျွန်တော်တို့က နာကျင် အချိန်ပိုမှာ ဂိုးသိပ်သွင်းလေ့ မရှိတဲ့ အသင်းပါ ၊ မိနစ် ၉၀ နောက်ပိုင်း ဂိုးသွင်းခဲ့တဲ့ နောက်ဆုံး အကြိမ်က ဘယ်တုန်းကလဲတောင် မမှတ်မိတော့ပါဘူး ၊ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်တုန်းက ဆောက်သမ်တန် ဘက်ကို စတာလင် သွင်းခဲ့တာများလား မသိဘူး ။ ”

” ကျွန်တော်တို့ အသင်းက ဒီလို စရိုက် လက္ခဏာမျိုး မရှိပါဘူး ၊ သူတို့က ၁၀ Vs ၁၁ ဖြစ်သွားချိန်မှာ နောက်တန်း ၅ ယောက်ထားပြီး ပွဲကို အနိုင်ရဖို့ ကြိုးစား ခဲ့ပါတယ် ။ အာဆင်နယ် က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ က လွန်ခဲ့တဲ့ ၆ ရက် ၇ ရက်က ပွဲနောက်ဆုံး ကစားထားခဲ့ပြီး အနားရထားတဲ့ အသင်း နဲ့ ရင်ဆိုင် ခဲ့ရတာပါ ။ ကျွန်တော်တို့က နားရက် ၂ ရက်ပဲ ရခဲ့ပြီး ပွဲပြန် ကစားခဲ့ရပါတယ် ၊ ဒါကြောင့် ပွဲကို ထိန်းချုပ်နိုင်ဖို့ နဲ့ ပေးပို့မှု များများ လုပ်နိုင်ဖို့ ကွင်းလယ်မှာ နောက်ထပ် ကစားသမားထပ်ထည့်ပြီး ကစားခဲ့ရပါတယ် ၊ တကယ့်ကို ခက်ခဲတဲ့ပွဲပါ ၊ ကျွန်တော်တို့ အားအင်အပြည်နဲ့ မကစားနိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM