သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ယူနိုက်တက် ထက် ဝင်ငွေ ပိုများသွားတဲ့ မန်စီးတီး

မန်စီးတီး ဘောလုံး အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီ စုစုပေါင်း ရရှိခဲ့တဲ့ ဝင်ငွေ ပမာဏဟာ အိမ်နီးချင်း မဟာပြိုင်ဘက်ကြီး ယူနိုက်တက်ထက် ပထမဆုံး အကြိမ် သာလွန်သွားခဲ့တယ်လို့ ဒီညနေထုတ် သတင်းတွေမှာ အခိုင်အမာ ဖော်ပြလျှက် ရှိပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီး နှိပ်စက်လျှက် ရှိနေချိန်မှာ အခုလို ဝင်ငွေကောင်းအောင် လည်ပတ်နိုင်တဲ့ ကလပ်မျိုး ပေါ်လာတာတော့ ဥရောပ ဘောလုံးလောကမှာရော ၊ အင်္ဂလန် ဘောလုံးရပ်ဝန်းမှာပါ နောက်ထပ် ဧရာမ အင်အားကြီး ကလပ် တစ်ခု ထပ်မံ ပေါ်ပေါက်လာတော့မယ် ဆိုတဲ့ နိမိတ်ကို ညွှန်ပြလျှက် ရှိနေပါတယ်။

မန်စီးတီး ဟာ 2020-2021 ဘောလုံးရာသီ အတွင်း ပရီးမီးယားလိဂ် ဖလားကြီး ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိပါ တက်ရောက် နိုင်ခဲ့တာကြောင့် စုစုပေါင်း ဝင်ငွေ ပမာဏ က ယူရို 644 သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ KPMG က ထုတ်ပြန်တဲ့ အဆိုပါ ဝင်ငွေ ရှင်းတမ်းဟာ အသင်းရဲ့ ရုပ်သံ ထုတ်လွှင့်ခ ဝင်ငွေတွေ ၊ လက်မှတ်ရောင်းချခ နဲ့ စပွန်ဆာကြေးတွေ အားလုံး ပါဝင်တယ်လို့ သိရပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကထက် 17% အထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ယူနိုက်တက် ကတော့ အဆိုပါ ကာလ အတွင်း စုစုပေါင်း ဝင်ငွေ ယူရို 557 သန်း သာ ရှာဖွေနိုင်ခဲ့ပါတယ်။

မန်စီးတီး ရဲ့ ပုံရိပ်တွေဟာ ပက်ဂွာဒီယိုလာ ရောက်ရှိလာပြီး နောက်ပိုင်း တစ်ဟုန်ထိုး တိုးတက်လာတာ ဖြစ်ပြီး အင်္ဂလန် ပြည်တွင်း ဖလားတွေ ဆက်တိုက် ဆွတ်ခူးပြနိုင်ခဲ့တဲ့ အပြင် ၊ ဥရောပ ရဲ့ အမြင့်ဆုံး ချန်ပီယံလိဂ် ဖလားကြီးကိုပါ သိမ်းပိုက် နိုင်ဖို့ အတွက် တဆင့်ချင်း ခြေလှမ်း လှမ်းလျှက် ရှိနေပါတယ်။ KPMG ကတော့ မန်စီးတီး ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်ခုတည်းကနေ ယူရို 129.5 သန်း အထိ ဝင်ငွေရအောင် ရှာဖွေ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် သူတို့ရဲ့ ရှင်းတမ်းမှာ ကစားသမား လစာပေးချေမှု နှုန်းထားတွေ ၊ လည်ပတ်မှု ကုန်ကျစာရိတ် အရှုံး အမြတ် တွေကို အသေးစိတ် ဖော်ပြခြင်း မရှိသေးပဲ ၊ လာမယ့် ရက်ပိုင်း အတွင်းရောက်မှ ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းကို တရားဝင် ချပြလာဖွယ် ရှိနေပါတယ်။

မန်စီးတီး ရဲ့ စီးပွားရေး ဆိုင်ရာ စပွန်ဆာတွေ ကနေ ရရှိခဲ့တဲ့ ဝင်ငွေ ပမာဏ က ယူရို 307 သန်း အထိ ရှိခဲ့ကာ ၊ ယခင် နှစ်ကထက် 8% အထိ ပိုများခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ Renewable Energy လုပ်ငန်း ဖြစ်တဲ့ Masdar နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်ခဲ့သလို ၊ အီတီဟတ် လေကြောင်းလိုင်း ၊ Telecom လုပ်ငန်း Etisalat နဲ့ ဂျာမန် အားကစား ပစ္စည်း ထုတ်လုပ်သူ ပူးမား တို့နဲ့လဲ စာချုပ်တွေ အသီးသီး ချုပ်ဆိုထားပါတယ်။

ယူနိုက်တက် ရဲ့ စီးပွားရေး ဆိုင်ရာ စပွန်ဆာတွေ ကနေ ရရှိခဲ့တဲ့ ဝင်ငွေ ပမာဏဟာ ပေါင် 232.2 သန်း သာ ရှိခဲ့ပြီး ၊ ယခင် နှစ်ကထက် 17% လျှော့နည်းခဲ့တယ်လို့ သူတို့ ရဲ့ ဘဏ္ဍာရေး ရှင်းတမ်းမှာ ဖော်ပြထားပါတယ်။

သို့သော် လက်ရှိ ဘောလုံးရာသီမှာတော့ ပရိသတ်တွေလဲ ကွင်းအတွင်း ပြန်လည် ဝင်ရောက်ခွင့် ရရှိထားပြီးပြီ ဖြစ်တာကြောင့် ၊ ယူနိုက်တက် ရဲ့ Match Day ဝင်ငွေက သိသိသာသာ ပြန်လည် တိုးတက်လာဖွယ် ရှိနေပြီး လာမယ့် ဘောလုံးရာသီမှာတော့ သူတို့ရဲ့ ဝင်ငွေ အကောင်းဆုံး ဂုဏ်ပုဒ် ကို ပြန်လည် ရယူနိုင်ဖို့ အခွင့်လမ်းတွေ များလျှက် ရှိနေပါတယ်။

SM