ဝိုင်နယ်ဒမ် ကို အရခေါ်ဖို့ အသင်းဟောင်း အာဆင်နယ် ကို တိုက်တွန်း လိုက်တဲ့ အီယန် ရိုတ်

အာဆင်နယ် တိုက်စစ်မှုးဟောင်းကြီး အီယန် ရိုတ် က ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဝိုင်နယ်ဒမ် ကို အငှားနဲ့ ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဝိုင်နယ်ဒမ် ကိုယ်တိုင်လဲ ပိုချက်တီနို လက်အောက်မှာ ပုံမှန် ကစားခွင့် ပျောက်ဆုံးနေတာကြောင့် အငှားထွက် ကစားဖို့ ဆန္ဒရှိနေတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ထားပြီး ၊ ပရီးမီးယားလိဂ် ကို ပြန်လာချင်နေတယ်လို့ Sky Sports သတင်းမှာ ဖော်ပြလျှက် ရှိနေပါတယ်။

သော်မတ် ပါတေး ၊ အယ်နန်နေ တို့ အာဖရိက ဖလား ကစားဖို့ သွားရောက်နေချိန်မှာ ၊ မေလန်း နိုင်း ကလဲ ရိုးမား အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ရဲ့ ကွင်းလယ် အင်အား က နည်းပါးနေတာ အမှန်ပါ။

The Kelly and Wright ရှိုးပွဲမှာတော့ အီယန် ရိုတ် က “ အာဆင်နယ် နဲ့ သတင်းထွက်နေတဲ့ အထဲမှာ ဝိုင်နယ်ဒမ် ရဲ့ နာမည်လဲ မြင်နေရပါတယ်။ အဲဒီလိုသာ ဖြစ်လာမယ် ဆိုရင် အရမ်းကို အံ့အားသင့်ဖို့ ကောင်းမှာပဲဗျာ။ ပီအက်စ်ဂျီ ကနေ အငှားနဲ့သာ ခေါ်လိုက်ပါ။

အဲဒီလို ကစားသမားမျိုး အာဆင်နယ် ကွင်းလယ်မှာ လိုအပ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေ ၊ ပရီးမီးယားလိဂ် ဆွတ်ခူးဖူးတဲ့ အောင်မြင်မှုတွေက လိုကွန်ဂါ တို့လို ချာတိတ်တွေကို အထောက်အပံ့တွေ ဖြစ်လာနိုင်ပါတယ်။

ပြီးရင် နောက်ထပ် လိုအပ်တဲ့ နေရာတွေ ထပ်ဖြည့်လိုက်တာ နဲ့ အသင်းရဲ့ အနေအထားက အောင်မြင်မှု ကြီးကြီးမားမားမျိုး ရဖို့တောင် စိန်ခေါ်ကြည့်လို့ ရသွားပါပြီ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အာဆင်နယ် နည်းပြ အာတေးတား ကိုယ်တိုင် ကလဲ ကွင်းလယ် ကစားသမား အင်အား နည်းပါးသွားတာမို့ ၊ လက်ရှိမှာ အပြောင်းအရွှေ့ ဈေးကွက်ထဲ ဝင်ရောက်ကာ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ရှင်းပြသွားခဲ့ ပါတယ်။

“ ကျနော်တို့ ကွင်းလယ် ကစားသမား အင်အားက အရမ်းကို နည်းပါးသွားပါပြီ။ ဒါကြောင့်လဲ အပြောင်းအရွှေ့ မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်အောင် လှုပ်ရှားနေပါတယ်။ စောင့်ကြည့်ထားတဲ့ ပစ်မှတ်တွေထဲက တစ်ချို့ ကို ချိတ်ဆက်နေပါတယ် ဘာလို့လဲ ဆိုတော့ တကယ်ကို လိုအပ်နေလို့ပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

နာမည်ကြီး အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ အာဆင်နယ် ဟာ လီယွန် က ဘရာဇီး ကွင်းလယ် ကစားသမား ဘရူနို ဂွီမာရက် ကို ခေါ်ယူဖို့ သဘောကျနေသော်လဲ လက်ရှိ အပြောင်းအရွှေ့မှာ တရားဝင် ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ချေ နည်းလွန်းတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကစားသမား ရဲ့ စာချုပ်သက်တမ်းက 2024 ခုနှစ် အထိ ကျန်ရှိနေသေးပြီး လီယွန် ကိုယ်တိုင်ကလဲ 2026 ခုနှစ် အထိ သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။ အကယ်၍ အာဆင်နယ် က လိုလိုချင်ချင် နဲ့ ချဉ်းကပ်လာမယ် ဆိုရင်တော့ ယူရို 45 သန်း ထက် နည်းပါးတဲ့ ပမာဏ နဲ့ ရောင်းချမှာ မဟုတ်ကြောင်း ပြင်သစ် သတင်းတွေမှာ ဖော်ပြလျှက် ရှိနေပါတယ်။

လီယွန် ကိုယ်တိုင် ဂွီမာရက် ကို 2020 ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ယူရို သန်း 20 သုံးပြီး အက်သလက်တီကို ပါရာနဲဆန့် အသင်းဆီကနေ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းတွေမှာတော့ ယူဗင် က နောက်ထပ် ဘရာဇီး ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ အာသာ မယ်လို ကိုလဲ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အာဆင်နယ် က ချိတ်ဆက်နေပါတယ်။ သို့သော် ယူဗင် တာဝန်ရှိသူတွေ နဲ့တော့ တေ့တေ့တင်တင် ဆွေးနွေးပြောဆိုထားခြင်း မရှိသေးပါဘူး။

SM