လူးဝစ်ဒီယက်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် transfer deadline day မှာ လီဗာပူးထံကနေ မြင်တွေ့ရနိုင်တဲ့ ကစားသမား အဝင်အထွက်များ

ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ လူတော်တော်များများက လီဗာပူးတို့ အပြောင်းအရွေ့တွေ လုပ်ဆောင်သွားမယ်လို့ မျှော်လင့်မထားခဲ့ပေမယ့်လည်း လူးဝစ်ဒီယက်ကို မထင်မှတ်ဘဲ ခေါ်ယူသွားခဲ့တာကြောင့် လီဗာပူး ပရိတ်သတ်တွေ ဝမ်းမြောက်ခဲ့ရပါတယ်။ ကိုလံဘီယာ လက်ရွေးစင်ဟာ မနေ့က ပေါ်တိုမှ လီဗာပူးကို အပြီးသတ်ရောက်ရှိလာခဲ့ပြီး ဒီရာသီ ဆုဖလားတွေ ရည်မှန်းနေတဲ့ ကလော့ရဲ့ တိုက်စစ်ပိုင်းကို ပိုမို အင်အားကောင်းသွားစေခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပေါ်တိုနဲ့ ယူရိုသန်း ၈၀ စာချုပ်ဖျက်သိမ်းကြေး ရှိနေပေမယ့်လည်း ပေါ်တူဂီကလပ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ဘဏ္ဍာရေးပိုင်းမှာ ထိခိုက်မှု ရှိသွားခဲ့တာကြောင့် ဒီယက် အတွက် ဒီထက် လျော့ပါးတဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီယက်ကို တော့တင်ဟမ်နဲ့ အပြိုင် ခေါ်ယူနိုင်ခဲ့ပြီး ၎င်းအတွက် ယူရို ၄၅ သန်း + add ons ယူရို ၁၅ သန်း ကို ပေးချေရမှာ ဖြစ်ပါတယ်။

လီဗာပူးမှာ နံပါတ် ၂၃ ဝတ်ဆင်သွားမယ့် ဒီယက်ဟာ လာမည့် အင်္ဂါနေ့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ကစားပြီးနောက် လီဗာပူးကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်ဟာ တနင်္လာနေ့ ဗြိတိန်စံတော်ချိန် ည ၁၁ မှာ ပိတ်သိမ်းသွားမှာ ဖြစ်ပြီး အဆိုပါ အချိန်မတိုင်မီ အန်ဖီးမှာ မြင်တွေ့ရနိုင်တဲ့ ကစားသမား အဝင်အထွက်တွေကို ယခုလိုပဲ ခန့်မှန်းလိုက်ပါတယ်။

ဒီယက်ကို ခေါ်ယူပြီးနောက် လီဗာပူးဟာ လက်ရှိ အချိန်မှာ ဖူဟမ်အတွက် ခြေစွမ်းပြ ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဖေဘီယိုကာဗယ်ဟိုကို ခေါ်ယူဖို့ အတွက် ကြိုးစားနေပြီး ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ထိ ရောက်နေပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ ဖူဟမ်ကို ယူရို ၇ သန်းနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပြီး လက်ရှိမှာ payment terms ၊ installments စတာတွေကို ဆွေးနွေးနေပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရဖို့ အတွက် တိုက်ပွဲဝင်နေတဲ့ ဖူဟမ် အသင်း ဘက်ကတော့ မကြာခင် လီဗာပူး ကစားသမား ဖြစ်လာတော့မယ် ကာဗယ်ဟိုကို ရာသီကုန်ထိ အန်ဖီးကလပ်ဘက်က အငှားချပေးရန် ဆန္ဒ ရှိနေပါတယ်။ ဈေးကွက်မပိတ်သိမ်းမီ လီဗာပူး ကနေ ကစားသမား အထွက်တွေကိုလည်း မြင်တွေ့ရနိုင်ခြေ ရှိနေပါတယ်။

ဒီယက် ရောက်လာခဲ့ပြီးနောက် တကုမိမီနာမီနို နဲ့ ဒီဗော့အိုရီဂီ တို့ရဲ့ အနာဂတ်ဟာ ပိုမို လှုပ်ခတ်လာခဲ့ပြီး လီဗာပူးဟာ ဂျပန်လက်ရွေးစင် အတွက် လိဒ်ယူနိုက်တက် နဲ့ မိုနာကို တို့ရဲ့ ကနဦး ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ပါတယ်။ လိဒ်ယူနိုက်တက် အနေနဲ့ မီနာမီနိုကို အထူး စိတ်ဝင်စားနေကာ ဆယ်မာဗယ်လီရဲ့ အခြေအနေအပေါ် မူတည်ကာ လီဗာပူးကို ထပ်မံ ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။

အိုရီဂီကို တိုက်စစ်မှုး ရှာဖွေနေတဲ့ ဘန်လေက စိတ်ဝင်စားနေတဲ့ အပြင် နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းများ အရ ဘယ်ဂျီယံ စတားကို စီးရီးအေ ကလပ် အတ္တလန်တာက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ နောက်ခံလူတွေ ထဲမှာတော့ နီကိုဝီလီယံကို ဘုန်းမောက် အသင်းက ရာသီကုန်ထိ အငှားခေါ်ယူဖို့ အတွက် အလိုရှိနေကာ လီဗာပူးဘက်ကလည်း ဒါကို လက်ခံ ဆွေးနွေးနေပြီး deadline မတိုင်မီ ဒီကိစ္စကို အပြီးသတ် သွားဖို့ ရှိနေပါတယ်။

မီလန်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြ ကစားခဲ့တဲ့ နက်ဖီးလစ်ကို လီဗာပူး ဘက်က ပေါင် ၁၂-၁၅ သန်း ဝန်းကျင်နဲ့ ရောင်းချသွားဖို့ အသင့် ဖြစ်နေပြီး နယူးကာဆယ် နဲ့ ဝက်ဖို့ဒ် တို့ရဲ့ ကမ်းလှမ်းမှုတွေကိုတော့ ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း နက်ဖီးလစ်ကို ဝက်ဟမ်း ဘန်လေ အပြင် စီးရီးအေ နဲ့ ဂျာမန် ကလပ်တွေကလည်း စိတ်ဝင်စားမှုတွေ ပြသနေပါတယ်။

ဆွမ်းဆီးကို တစ်ရာသီ အငှားချထားခဲ့ပေမယ့်လည်း ချန်ပီယံရှစ်ကလပ် အတွက် ၅ ပွဲသာ ကစားခွင့် ရခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ လီဗာပူးတို့ အငှားစာချုပ်ဖျက်သိမ်းပြီး ပြန်ခေါ်ယူထားခဲ့တဲ့ ရီးစ်ဝီလီယံဟာ နောက်ထပ် တစ်ကြိမ် အငှားထွက် ကစားသွားဖို့ ရှိနေပြီး ၎င်းကို ရှက်ဖီးယူနိုက်တက် ဘက်က ရာသီကုန်ထိ အငှား ကမ်းလှမ်းထားပါတယ်။

SM