လူးကပ် ဒင်းန် ကို ခေါ်ယူဖို့ အရမ်းနီးစပ်နေပြီ ဖြစ်တဲ့ အက်စ်တွန် ဗီလာ

အဲဗာတန် အသင်းရဲ့ ပြင်သစ် ဘယ်နောက်ခံလူ လူးကပ် ဒင်းန် ကို ခေါ်ယူဖို့ အစောဆုံး ကမ်းလှမ်းခဲ့တာ က နယူးကာဆယ် ဖြစ်ပါတယ်။

သို့သော် လက်ရှိမှာတော့ အက်စ်တွန် ဗီလာ က သူ့ကို ခေါ်ယူဖို့ အတွက် လက်တစ်ကမ်း အလိုကို ရောက်နေပါပြီ။

ဗီလာ နည်းပြ ဂျရတ် ဟာ ဒင်းန် ကို အဓိက ပစ်မှတ် အဖြစ်သတ်မှတ်ထားတာ ဖြစ်ပြီး ၊ မကြာခင်မှာလဲ အပြီးသတ် ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။ ဒင်းန် ဟာ ဂွတ်ဒီဆွန် ပါ့ခ် မှာ နည်းပြ ဘင်နီတက်ဇ် နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ၊ အဲဗာတန် နဲ့ လမ်းခွဲဖို့ ပေါ်ပေါ်တင်တင် အားထုတ်လာခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက် က ကမ္ဘာ့ဖလားမှာ ပြင်သစ် နဲ့ အတူ ပါဝင် ကစားခွင့် ရရှိဖို့ အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်သော်လဲ ၊ ကမ်းလှမ်းမှုတွေထဲမှာ ဥရောပ အဆင့်ကို တက်လှမ်းနိုင်တဲ့ ကလပ်မျိုးမှ စီစစ်ရွေးချယ်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါကြောင့် နယူးကာဆယ် က စောစောစီးစီး ကမ်းလှမ်းခဲ့သည့်တိုင်အောင် အလျှင်စလို ဆုံးဖြတ်ချက် ချမှတ်တာမျိုးတွေ မလုပ်ခဲ့ပဲ ၊ နောက်ထပ် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းချက်တွေကို စောင့်ကြည့်ကာ လေ့လာသုံးသပ်ခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ ဒင်းန် နဲ့ အက်စ်တွန်ဗီလာ တို့ အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာ တစ်ပတ်တောင် ရှိနေပြီလို့ ဆိုထားပြီး ၊ လက်ရှိ အချိန်ထိတော့ အပြီးသတ် သဘောတူညီမှု အခြေအနေထိ မရောက်သေးဘူး လို့ ရေးသားသွားခဲ့ပါတယ်။

ဒဏ်ရာပြသနာကြောင့် လက်ကျန် ရာသီ အချိန်အကုန်လုံး အနားယူလိုက်ရပြီ ဖြစ်တဲ့ ဘန် ချိဝဲလ် ရဲ့ နေရာကို အစားထိုးဖို့ အတွက် အစောပိုင်းမှာ ချဲဆီး က ပစ်မှတ်ထား ဆက်သွယ်ကြည့်ခဲ့ပါတယ်။ သို့သော် ချဲဆီး က အငှားစာချုပ်မျိုး နဲ့သာ ခေါ်ယူလိုချိန်မှာ ၊ အဲဗာတန် ဘက်က အပြီးသတ် ပုံစံမျိုး နဲ့ ရောင်းချချင်နေတာပါ။ ဒါကြောင့် ချဲဆီး ဟာ ဒင်းန် ကို ချဉ်းကပ်တဲ့ အစီအစဉ်ကို စွန့်လွှတ်ကာ ၊ လီယွန် မှာ အငှားချထားတဲ့ သူတို့ ကစားသမား အီမာဆင် ကို လျော်ကြေးပေးကာ ပြန်လည် ခေါ်ယူဖို့ ကြိုးစားလျှက် ရှိနေပါတယ်။

အဲဗာတန် ဘက်ကတော့ ဒင်းန် ရဲ့ အပြောင်းအရွှေ့ အတွက် ပေါင် 25 သန်း ရဖို့ မျှော်လင့်နေပါတယ်။ သူဟာ ခံစစ် ကစားပုံ အပြင် ဖြတ်တင်ဘောပါ ကောင်းမွန်တဲ့ ကစားသမားမျိုး ဖြစ်ပြီး ၊ ဂျရတ် က သူ့ရဲ့ တည်ဆောက်မှုတွေမှာ အဓိက နေရာကနေ ဖြစ်လာနိုင်တဲ့ ခံစစ် ကစားသမားတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ လက်ရှိ ဗီလာ မှာလဲ ဘယ်နောက်ခံလူ အဖြစ် တားကက် တစ်ယောက်သာ ရှိနေတာပါ။

ဒါကြောင့် အဲဒီနေရာကို အားဖြည့်ဖို့ အတွက် ကြံရွယ်ရင်း ဒင်းန် ရဲ့ ဆီကို မြှားဦးလှည့်လာတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗီလာ ဟာ ဂျရတ် ရဲ့ ဦးဆောင်မှုတွေ နဲ့ အတူ ဥရောပ ဝင်ခွင့်ရတဲ့ အထိ အသင်းကို တည်ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်လို့ ၊ လူးကပ် ဒင်းန် လိုချင်တဲ့ ပရောဂျက်မျိုးတွေ ရှိနေတယ်လို့ ပြောလို့ ရနေပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ဟာ ဘယ်အချိန်မှာ တရားဝင် သဘောတူညီမှု ရမလဲ ဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာစီလိုနာ ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ကော်တင်ဟို ဟာ ဒီမနက်ပိုင်းမှာပဲ အင်္ဂလန် ကို ရောက်ရှိလာခဲ့ပါပြီ။ သူဟာ မကြာခင် ဆေးစစ်မှုတွေ ခံယူသွားမှာ ဖြစ်ကာ ၊ အဲဒီနောက်မှာတော့ တရားဝင် စာချုပ်မှာ လက်မှတ်ထိုးသွားမှာ ဖြစ်ပါတယ်။

ဗီလာ ဟာ ကော်တင်ဟို ကို ခေါ်ယူတဲ့ အငှားစာချုပ်ထဲမှာ ခြေစွမ်းပိုင်း ဆိုင်ရာ သဘောကျရင် ရာသီအကုန်မှာ ယူရို သန်း 40 နဲ့ ခေါ်ယူခွင့် ရှိတယ် ဆိုတဲ့ အချက်မျိုးပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

SM