လူမစုံခဲ့ပေမယ့် ၊ တူချယ် အတွက် နောက်ထပ် ဖိုင်နယ် တခုနဲ့ နီးစပ်လာစေတဲ့ ချဲလ်ဆီး ၂ – ၀ တော့တင်ဟမ် ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် အဆင့် ပထမ အကျော့ ပွဲမှာ ချဲလ်ဆီး အသင်း ဟာ တော့တင်ဟမ် အသင်းကို ပထမပိုင်းက သွင်းဂိုး ၂ဂိုးနဲ့ အတူ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ တက်ရောက်ဖို့ ခြေတလှမ်း ပိုမို နီးစပ်လာပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ ခြင်္သေ့ပြာတို့ ပြန်လာပြီလား

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ကာလ ဟာ ချဲလ်ဆီး အတွက် အဆိုးရွားဆုံး အခြေအနေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်ပိုင်း ဖြစ်ခဲ့ပါတယ် ။ ရလဒ် ၊ ခြေစွမ်း ၊ ဒဏ်ရာ ၊ ကြံ့ခိုင်မှု ၊ ကိုဗစ် ပြဿနာတွေ အပြင် ၊ ကွင်းပြင်ပ က ရိုမီလူ လူကာကူရဲ့ အင်တာဗျူး အရှုပ်အထွေးနဲ့ပါ ချဲလ်ဆီးတို့ ကြုံခဲ့ရပါတယ် ။

ဒါတွေကို ကျော်လွန်လာပြီးတဲ့နောက် ၊ ချဲလ်ဆီးတို့ အတွက် လေပြေ ပြန်သွေးလာပြီး ၊ အရှိန်ကောင်း တရပ်ကို ဖြစ်စေမယ့် အခိုက်အတန့်ကို တူချယ်နဲ့ ခြင်္သေ့ပြာ တပ်သားတွေ ပြီးခဲ့တဲ့ လီဗာပူးနဲ့ comeback သရေပွဲ ၊ မနေ့ည က တော့တင်ဟမ်ကို ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေမှာ စတင် ပြသနိုင်လိုက်ပြီ ဖြစ်ပါတယ် ။

၂ ။ ဖလားပွဲတွေနဲ့ လမိုင်း မကပ်တဲ့ တော့တင်ဟမ်

အမှားများစွာ ကျူးလွန်ခဲ့ရုံ သာမက ၊ နည်းပြ အဆက်ဆက် ပြောင်းလဲသာ သွားခဲ့ပေမယ့် ၊ ဆုဖလားကံ မပါတဲ့ တော့တင်ဟမ်တို့ မနေ့ည က ပွဲဟာ လိုအပ်ချက် များစွာ ရှိနေသေးတယ် ဆိုတာ ကွက်ကွက်ကွင်းကွင်း ထောက်ပြခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတွေ ရနေတယ် ဆိုပေမယ့် ၊ အရေးကြီးတဲ့ အချိန် ရောက်လာတဲ့အခါ ၊ တော့တင်ဟမ်ကို ဦးဆောင်နေကြတဲ့ စီနီယာ အသင်းသား အချို့ ဖြစ်တဲ့ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် အစရှိတဲ့ ကစားသမားတွေဆီက တဦးကောင်း form တွေ မြင်ရလေ့မရှိသလို ၊ ခံစစ်ကလည်း အမှားတွေ ကျူးလွန်မြဲ ကျူးလွန်နေဆဲ ဖြစ်ပါတယ် ။

၃ ။ ဇန်နဝါရီ အချက်ပေး ခေါင်းလောင်းသံ

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက်တွေမှာ ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းထားပေမယ့် ၊ တော့တင်ဟမ် နည်းပြသစ် အန်တိုနီယို ကွန်တီ ဟာ မနေ့ည က ပွဲမတိုင်မီ ၊ အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ဇန်နဝါရီ အတွင်း ဖြည့်တင်းမှု အချို့ လုပ်ရနိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဆိုခဲ့ဖူးပါတယ် ။

မနေ့ည က ပွဲဟာ တော့တင်ဟမ်ရဲ့ ခံစစ် လိုအပ်ချက်ကို မီးမောင်း ထိုးပြခဲ့ပြီး ၊ ပေးခဲ့ရတဲ့ ဂိုး၂ဂိုး အပြင် ၊ ချဲလ်ဆီးဖက်မှ ရခဲ့တဲ့ အပိုင် အခွင့်အရေး ၊ half-chance အတော်များများ ဟာ တော့တင်ဟမ် ခံစစ်ရဲ့ အာရုံစိုက်မှု လျော့နည်းနေခြင်းကြောင့် ဆိုတာ မုချမသွေပဲ ဖြစ်ပါတယ် ။

၄ ။ ချဲလ်ဆီး ပရိသတ်တွေရဲ့ ခွင့်လွှတ်ခြင်းကို ရရှိခဲ့တဲ့ လူကာကူ

နှစ်သစ် မတိုင်မီ ထွက်ပေါ်ခဲ့တဲ့ စိတ်ပျက်ဖွယ် အင်တာဗျူးကြောင့် လီဗာပူးနဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရတဲ့ လူကာကူ ဟာ နည်းပြ ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တရားဝင် တောင်းပန် စကား ဆိုခဲ့ပြီးနောက် ၊ မနေ့ည က လန်ဒန်ဒါဘီ ပွဲမှာ ပြန်ပြီး ပွဲထွက်ခွင့် ရခဲ့ပါတယ် ။

ဧည့်သည် တော့တင်ဟမ် ပရိသတ်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၊ အိမ်ကွင်း ပရိသတ်တွေကတော့ လူကာကူ အတွက် အရင်လို fan chant တွေ မသီဆိုခဲ့ပေမယ့် ၊ boo မလုပ်ခဲ့ကြတာဖြစ်လို့ ၊ ခွင့်လွှတ်မှုကို ၄င်းဖက်က ရရှိခဲ့ပြီလို့ တမျိုးတဖုံ ယူဆရနိုင်ပါတယ် ။

၅ ။ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ အပြန်ခရီး မလှခဲ့တဲ့ ကွန်တီ

ပရီးမီးယားလိဂ်သို့ အသင်းဟောင်း ရဲ့ ခါးသီးတဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် နည်းပြ အဖြစ် တဖန် ရောက်ရှိလာတဲ့ ကွန်တီ အတွက် မနေ့က ပွဲဟာ ချဲလ်ဆီးကို ပြိုင်ဖက် အသင်း အဖြစ် ပထမဆုံး ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ် ။

သို့ပေမယ့် ၄င်းရဲ့ အသင်းကတော့ ပထမပိုင်းမှာ ဂိုးပေါက် ကန်သွင်းမှု လုံးဝ မရှိခဲ့သလို ၊ ပွဲချိန် အများစုမှာလည်း ချဲလ်ဆီးရဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးမှုအောက်မှာသာ ရှိခဲ့ပါတယ် ။ ကံကောင်းခဲ့လို့သာ ၊ ကွန်တီရဲ့ တော့တင်ဟမ် ဟာ ၂ – ၀ ရလဒ်ထက် ပိုဆိုးတဲ့ အနေအထားဆီ မရောက်ခဲ့ဘူးလို့ တနည်းအားဖြင့် ဆိုရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR