‘ လူကာကူ ဟာ တူချယ်ထက်စာရင် အစားထိုးဖို့ ပိုလွယ်ကူပါတယ် ‘ – ကာရေဂါ

ချဲလ်ဆီး အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ စိတ်ပျက်စရာ အင်တာဗျူး ဖြေပုံကြောင့် ၊ မနေ့ည က ကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲအတွက် ကစားသမား စာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

Sky Italia သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ ထို အင်တာဗျူးမှာ လူကာကူ ဟာ ကလပ်နဲ့ နည်းပြ အပေါ် လေးစားမှု မရှိတဲ့ ဝေဖန်မှု ၊ ခံစားချက် ဖွင့်ဟမှုတွေ ပေါ်တင် လုပ်ခဲ့ပြီး ၊ ဒါဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အင်တာမီလန် အသင်းကနေ ချဲလ်ဆီး အသင်းသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀နဲ့ ရောက်လာခဲ့ပေမယ့် ၊ လူကာကူ ကတော့ ငယ်ဘဝ ကလပ်ဟောင်းမှာ မပျော်မွေ့တဲ့ အကြောင်း တိုက်ရိုက် ထုတ်ပြောခဲ့ပါတယ် ။

ဒါ့အပြင် လျှို့ဝှက် အပြောင်းအရွှေ့ အကြောင်းအရာ အစုံအလင်ကိုလည်း လူသူရှေ့မှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပြီး ၊ ယင်းကဲ့သို့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ လုပ်ရပ် တချို့ကြောင့် ချဲလ်ဆီး ပရိသတ်တွေရဲ့ ငြိုငြင်မှုကိုလည်း လူကာကူ တယောက် အကြီးအကျယ် ခံနေရပြီ ဖြစ်ပါတယ် ။

တူချယ် ကတော့ နည်းပြ တဦးရဲ့ ပါဝါကို ပြသတဲ့ အနေနဲ့ရော ၊ ကလပ် တည်ငြိမ်မှုရေး အတွက်ပါ ဦးတည်တဲ့ အနေနဲ့ လူကာကူကို လီဗာပူးနဲ့ ပွဲကို လုံးဝ ခေါ်ဆောင်လာခဲ့ခြင်း မရှိပါဘူး ။ ထိုပွဲမှာ ချဲလ်ဆီး ဟာ လူကာကူ မပါတဲ့ အပြင် ၊ ၂ဂိုး အနောက်က လိုက်ကစားခဲ့ရပေမယ့် ၊ comeback သရေပွဲ ရှာဖွေနိုင်ခဲ့ပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ကတော့ ချဲလ်ဆီး အသင်း ဟာ ကမ္ဘာ့ အဆင့် နည်းပြ တဦး အဖြစ် သောမတ်စ် တူချယ်ကို ပိုင်ဆိုင်ထားကြောင်း သုံးသပ်ရင်း ၊ တူချယ်ထက်စာရင် ၊ ပြဿနာ စရှာနေတဲ့ လူကာကူကို အစားထိုးတာက ပိုလွယ်တဲ့ အကြောင်း အခုလိုပဲ သူ့ရဲ့ အမြင့်ကို ချပြခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ကာရေဂါ က ” အတိတ်မှာတော့ ဒီလို အားပြိုင်မှုတွေမှာ ကစားသမားက နည်းပြကို အသာစီး ရခဲ့တဲ့ သာဓကတွေပဲ များခဲ့ပါတယ် ။ အခုတော့ ကမ္ဘာ့ ဘောလုံး လောကမှာ ထိပ်တန်း နည်းပြ အရေအတွက်ကို ကြည့်လိုက်ရင် ၊ အနည်းစုသာ ရှိပါတော့တယ် ။ ”

” ကျွန်တော်တို့ ပရီးမီးယားလိဂ်ဟာ ပက်ဂွာဒီယိုလာ ၊ ယာဂင် ကလော့ပ် ၊ သောမတ်စ် တူချယ် ဆိုတဲ့ ကမ္ဘာ့ အဆင့် နည်းပြ ၃ဦး ပိုင်ဆိုင်ထားပါတယ် ။ ချဲလ်ဆီး ဟာ လွန်ခဲ့တဲ့ ၁၀နှစ် ၊ ၁၅နှစ် အတွင်း နည်းပြတွေကို တဦးပြီး တဦး အပြောင်းအလဲ လုပ်ကာ ၊ အောင်မြင်မှု များစွာ စွမ်းဆောင်နိုင်ခဲ့တာ မှန်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ကတော့ အခုအချိန်မှာ ချဲလ်ဆီး အတွက် တူချယ်ထက်စာရင် ၊ လူကာကူ ကမှ ပိုပြီး အစားထိုးဖို့ ပိုလွယ်မယ်လို့ ထင်ပါတယ် ။ သူတို့ဟာ တူချယ်လို ကမ္ဘာ့ အဆင့် နည်းပြ တဦးကို လက်ဝယ် ပိုင်ဆိုင်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR