လူကာကူရဲ့ အင်တာဗျူးကို ချဲလ်ဆီး အသင်းဖော်တွေ ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာ ပြန်ပြောင်း ဖွင့်ဟလာတဲ့ ဇီယက်ခ်ျ

ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက ထွက်ပေါ်ခဲ့တဲ့ Sky Italia သတင်းဌာနနဲ့ အင်တာဗျူးမှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် အပေါ် ပေါ်တင် ဝေဖန်ခဲ့သလို ၊ အနာဂတ် တကွေ့ကွေ့မှာ အသင်းဟောင်း အင်တာမီလန်သို့ ပြန်ပြောင်းလိုတဲ့ အကြောင်းလည်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ် ။

ဒါဟာ တူချယ် အပါအဝင် ချဲလ်ဆီး ဘုတ်အဖွဲ့ ၊ အသင်းသားတွေနဲ့ ပရိသတ်တွေကို အကြီးအကျယ် စိတ်ပျက်စေခဲ့ပါတယ် ။ ဒီ အင်တာဗျူးကြောင့် လူကာကူ ဟာ နှစ်သစ် အဖွင့်ပွဲ ဖြစ်တဲ့ လီဗာပူးနဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းရဲ့ ကစားသမား စာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါတယ် ။

ထိုပွဲအပြီး နောက်တရက် တံခါးပိတ် ဆွေးနွေးမှုမှာ လူကာကူ ဟာ တူချယ်နဲ့ အသင်းဖော်တွေကို တရားဝင် တောင်းပန်စကား ဆိုခဲ့ပြီး ၊ တမြန်နေ့က ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ၄င်းဟာ ပရိသတ်တွေကို တရားဝင် တောင်းပန် မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

အခြေအနေ အားလုံး ပြန်လည် တည်ငြိမ်ခဲ့ပြီးနောက် ၊ တော့တင်ဟမ်ကို ၂ – ၀ နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲမှာ လူကာကူ တယောက် ပွဲထွက်ခွင့် ပြန်ရခဲ့သလို ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျမှ ချဲလ်ဆီး ပရိသတ်တွေဟာလည်း ၄င်းအပေါ် တစုံတရာ တိုက်ခိုက်မှု မလုပ်ခဲ့ပဲ ၊ အေးအေးဆေးဆေးသာ ပြန်လည် အားပေးခဲ့ကြပါတယ် ။

ထိုပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျ က ပွဲပြီး အင်တာဗျူးမှာ လူကာကူကို ၄င်းအပါအဝင် ချဲလ်ဆီး အသင်းဖော်တွေ ဘယ်လို တုန့်ပြန်ခဲ့ကြတယ် ဆိုတာ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

ဇီယက်ခ်ျ က ” ကျွန်တော်တို့ဖက်က သူ့အတွက် လုပ်ပေးနိုင်ခဲ့တာ က တခြား အရာတွေ အကြောင်း မစဉ်းစားစေပဲ ပွဲအကြောင်းကိုသာ အာရုံစိုက်ဖို့ ၊ သူ့ကို ဝိုင်းဝန် အားပေးဖို့ ဖြစ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ၂ရက် ၊ ၃ရက်လောက် ကျွန်တော်တို့ အားလုံး ဒီအတိုင်း ပြုမူခဲ့ကြပါတယ် ။ ”

” ကျွန်တော်တို့ဟာ အသင်းဖော် အချင်းချင်းတွေပါ ။ ဒီတော့ တယောက်ကို တယောက် အားပေးရပါမယ် ။ နောက်ပြီး ဒီနေ့ပွဲမှာ သူဟာ ထက်မြက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ တူချယ် ကလည်း တော့တင်ဟမ်နဲ့ ပွဲမှာ ပြန်ပါခဲ့တဲ့ လူကာကူနဲ့ ပတ်သက်ပြီး ” ရိုမီလူရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် အားရ ကျေနပ်မှု ရှိခဲ့ပါတယ် ။ သူဟာ တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့တယ် ၊ အသင်းလိုက် ကစားပုံမှာ ပါဝင်ပေးနိုင်ခဲ့တယ် ၊ ခံစစ် ခုခံတဲ့ နေရာမှာလည်း လိုက်ပါပေးနိုင်ခဲ့ပါတယ် ။ ”

” တိုက်စစ်ဆင်တဲ့ နေရာမှာလည်း သူဟာ ပြိုင်ဖက်ကို အချိန်ပြည့် ဒုက္ခပေးခဲ့ပြီး ၊ ခန္ဓာကိုယ် အသုံးပြုကာ ၊ အသင်း အတွက် အခွင့်အရေးကောင်းတွေ ဖန်တီးပေးခဲ့ပါတယ် ။ ရိုမီလူ ဟာ ဖိအားဒဏ်ကို ကိုင်တွယ်နိုင်တာကြောင့် ၊ ဒီနေ့ပွဲမှာ ဒီလို ကစားပုံမျိုး သူ့ဆီကနေ ကျွန်တော် မျှော်မှန်းခဲ့တာ ဖြစ်ပါတယ် ။ ”

” အင်တာဗျူး ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က ဆုံးဖြတ်ချက် ချအပြီးမှာ ၊ သူ အတော်လေး စိတ်သက်သာရာ ရသွားခဲ့ပုံ ပေါ်ပါတယ် ။ တံခါးပိတ် ဆွေးနွေးမှုမှာ အလုံးစုံ ဖွင့်ဟခဲ့ပြီးနောက် ၊ ဘာတွေ ဖြစ်နေခဲ့လဲ ဆိုတာ သူ ကောင်းကောင်း သဘောပေါက်ခဲ့ပါတယ် ။ ဒါကြောင့်လည်း ဒီနေ့မှာ သက်တောင့်သက်သာ ရှိတဲ့ ကစားဟန်မျိုး သူ ပြနိုင်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR