လီဗာပူး ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဟာဗေး အယ်လီယော့ က လေ့ကျင့်ခန်း ပြန်ဆင်းတော့မယ်လို့ အချက်ပြလိုက်တဲ့ ကလော့ပ်

ဒီရာသီ အစောပိုင်းမှာ ယာဂန် ကေလာ့ပ်ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ လူငယ်ချာတိတ်လေး အယ်လီယော့ ကို ယုံကြည်မှု အပြည့်နဲ့ အခွင့်အရေးတွေ ဆက်တိုက် ပေးခဲ့ပါတယ်။

ချဲဆီး လို အသင်းကြီးနဲ့ ကစားတဲ့ ပွဲမှာတောင် အခြား စီနီယာ ကစားသမားတွေကို ကျော်ကာ ပွဲထွက် ကစားခွင့် ရခဲ့လို့ တအံ့တသြ ဖြစ်ခဲ့ကြသလို ၊ ခြေစွမ်းကလဲ တစ်ပွဲထက် တစ်ပွဲကို ပိုကောင်းလာခဲ့တာပါ။ သို့သော် အယ်လီယော့ ရဲ့ တောက်ပဖို့ အားယူနေတဲ့ အရှိန်တွေဟာ လိဒ် ယူနိုက်တက် နဲ့ ပွဲမှာ ရပ်တန့်သွားခဲ့ ပါတယ်။

လိဒ် ယူနိုက်တက် ကစားသမား ပါစကယ် စတု ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ချာတိတ်လေးဟာ ခြေကျင်းဝတ် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး ၊ အဆိုပါ ဒဏ်ရာကြောင့် တရာသီလုံး အနားယူရနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သို့သော် ခွဲစိတ် ကုသမှုတွေ လုပ်ဆောင်ပြီး နောက်ပိုင်းမှာတော့ လီဗာပူး အသင်း ကိုယ်တိုင်က အယ်လီယော့ ဟာ ဒီရာသီမှာ အသင်းအတွက် သေချာပေါက် ပြန်ကစားပေးနိုင်မှာ ဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ အဲဒီ နေ့ရက်တွေ ရောက်ရှိလာဖို့ အတွက် အရမ်းကို နီးစပ်နေပါပြီ။

လူငယ် ချာတိတ်လေးဟာ ဒီဇင်ဘာ တစ်လ လုံး တစ်ဦးတည်း လေ့ကျင့်ခန်းတွေ ကို အပြင်းအထန် လုပ်ဆောင်နေခဲ့ပြီး ၊ ဒဏ်ရာ ရဲ့ တုန့်ပြန်မှုကိုပါ စနစ်တကျ စောင့်ကြည့်ခဲ့ပြီးပြီ ဖြစ်လို့ လက်ရှိမှာ စီနီယာ အသင်းကြီး နဲ့ အတူ လေ့ကျင့်ခန်း အတူတူ လုပ်ဆောင်ဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း ယာဂန် ကလော့ပ် ကိုယ်တိုင် က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ ရှရူဘူရီ နဲ့ ပွဲကို လွဲချော်ခဲ့တဲ့ အလီဆွန် ၊ အဲဒီ ပွဲ ကစားရင်း အနည်းငယ် နာသွားတဲ့ ရော်ဘတ်ဆန် နဲ့ ကိုဗစ် ကူးစက်ခံထားရတဲ့ အာနိုး တို့ပါ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တဲ့ အကြောင်းကို ဒီညမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ အာနိုး နဲ့ အလီဆွန် က မနေ့ ကတည်းက လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။ တီယာဂို နဲ့ အိုဂီရီ တို့က မလုပ်နိုင်သေးပါဘူး။

အဲဒီတော့ အာဖရိက ဖလား သွားရောက် ကစားပေးနေတဲ့ ကစားသမားတွေ နဲ့ ဒဏ်ရာရ ကစားသမား တစ်ချို့ က လွဲရင် ကိုဗစ် Negative ဖြစ်တဲ့ ကစားသမားတွေ အားလုံး ပြန်လည် ပါဝင် ကစားပေးနိုင်လောက်ပါတယ်။

အယ်လီယော့ ကတော့ တော်တော်လေး အခြေအနေ ကောင်းနေပါပြီ။ အသင်းနဲ့ အတူ လေ့ကျင့်ခန်း မဆင်းသေးပေမယ့် တစ်ဦးတည်း လုပ်ဆောင်တဲ့ ပုံစံတွေက လုံလောက်မှု ရှိနေပါပြီ။ ကျနော် ကတော့ သူဟာ စီနီယာ အသင်းသားတွေ နဲ့ ပြန်လည် ပူးပေါင်းဖို့ မဝေးတော့ဘူး ထင်ပါတယ်။

ရှရူဘူရီ နဲ့ ကစားတဲ့ ပွဲမှာ ရိုဘို လဲ နည်းနည်းလေး နာခဲ့ပါတယ်။ ဒါပေမယ့် အဆင်ပြေမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ကြာသပတေးနေ့ ညပိုင်းမှာ အာဆင်နယ် နဲ့ ကာရာဘောင် ဖလား အကြို ဗိုလ်လုပွဲကို အန်ဖီးလ် ကွင်းထဲမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

သို့သော် အာဆင်နယ် နည်းပြ အာတီတာ ကတော့ သူတို့အသင်းဟာ အာဖရိက ဖလားကို စေလွှတ်ထားရတဲ့ ကစားသမားတွေ + ကိုဗစ် ကူးစက်မှု တစ်ချို့ ရှိနေတဲ့ အတွက် လီဗာပူး နဲ့ ပွဲကို သေချာပေါက် ကစားပေးနိုင်လိမ့်မယ်လို့ အာမခံလို့ မရကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒါကြောင့် တရားဝင် ပွဲဖြစ် မဖြစ် ဆိုတာတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

SM