လီဗာပူး နဲ့ သတင်းတွေထွက်နေတဲ့ လူငယ် ကြယ်ပွင့်ကို စာချုပ်သစ်ချုပ်ဖို့ အာဆင်နယ် အသင်းကို တိုက်တွန်းလိုက်တဲ့ ဆိုးလ်ကမ်းဘဲလ်

ဂန်းနား ဂန္တဝင် နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ် က အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာ ယူဖို့ လိုအပ်ကြောင်း အကြံပေးလိုက်ပြီး ဆာကာ ကို စာချုပ်သစ် ချုပ်ဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ဆာကာ ဟာ ဒီရာသီမှာလည်း ဂန်းနားတို့ အတွက် ငါးဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ် ပေးထားပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဆာကာ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့တာ ဖြစ်ပြီး လက်ရှိ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဆာကာ ကို ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖို့ ကြိုးစား နေတယ်လို့ သိရပါတယ် ။

ကမ်းဘဲလ် ကတော့ စာချုပ်သက်တမ်းကုန်ခါနီးမှ စာချုပ်သစ် ချုပ်ဆိုတာမျိုးကို အားမပေးကြောင်း ဆိုလိုက်ပြီး လူငယ် ကြယ်ပွင့် ဆာကာ ကို စာချုပ်သစ် ချုပ်ဖို့ အမြန်ဆုံး ကြိုးစားသင့်ကြောင်း talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

” အသင်းကြီးမှာ နေရာ ရလာပြီး ခြေစွမ်းပြ ကစားနေတဲ့ လူငယ် ကြယ်ပွင့်တွေကို ကာကွယ်ဖို့ လိုအပ်ပါတယ် ။ သူတို့ အသင်းမှာ ဆက်ရှိနေအောင် ထိန်းသိမ်းရမှာပါ ။ သူတို့လေးတွေက ပရိသတ်တွေ နဲ့ အင်္ဂလန်အတွက် အဓိက သွေးကြော ပါပဲ ၊ အထူးသဖြင့် အာဆင်နယ် အတွက်ပေါ့ဗျာ ။ ”

” ခင်ဗျား အနေနဲ့ ကိုယ့်အသင်းက ထိပ်တန်း ကစားသမားတွေ စာချုပ်သက်တမ်းကုန်ပြီး အသင်းပြောင်းသွားတာမျိုး အဖြစ် ခံလို့ မရပါဘူး ။ ဒီလို ဖြစ်ရပ်မျိုး အာဆင်နယ်မှာ အရင်က ဖြစ်ခဲ့ဖူးပါတယ် ၊ စာချုပ် ကိစ္စကို အချိန်အကြာကြီး ယူနေလို့ မရပါဘူး ။ ”

” အဓိကကတော့ မြောက်မြားတဲ့ လစာပမာဏာပါပဲ ၊ အဲ့ဒီလိုမျိုး လစာသာ ပေးနိုင်ရင် စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာ နေစရာ အကြောင်း မရှိပါဘူး ။ အာဆင်နယ် အနေနဲ့ ကိုယ့်အသင်းက ကစားသမားကို စာချုပ်သစ် ချုပ်ဖို့ ကြန့်ကြာနေရင် တခြားအသင်းက ကမ်းလှမ်းမှုတွေ လုပ်လာနိုင်ပါတယ် ။ ”

” တစ်ခါတစ်လေမှာ ကိုယ်က လစာ ပမာဏာ တစ်ခုနဲ့ သဘောတူထားပေမယ့် စာချုပ်သစ် ချုပ်ဖို့ ခြောက်လလောက် စောင့်နေရင် လစာ ပမာဏ က ကွာခြား သွားနိုင်ပါတယ် ။ လစာ ပိုတိုးပေးရနိုင်ချေ ရှိတာပေ့ါဗျာ ။ ” လို့ သတိ ပေးသွားခဲ့ပါတယ် ။

SM