လီဗာပူး နဲ့ ပွဲမှာ အာဆင်နယ် အသင်းကို တစ်ယောက်လျော့သွားစေတဲ့ ရှာကာ ရဲ့ အနီကဒ် အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လီဗာပူး အသင်း နဲ့ ခါရာဘောင်း ဖလား ပထမအကျော့က ရှာကာ ရဲ့ အနီကဒ်မှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ဝန်ခံ ခဲ့ပေမယ့် ဆွစ်ဇာလန်သားကို ဝေဖန် ပြစ်တင်ခဲ့ခြင်းတော့ မရှိပါဘူး ။

ဒီနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ခါရာဘောင်း ဖလားပွဲ ပထမအကျော့မှာ လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပွဲချိန် ၂၄ မိနစ်ကတည်းက ရှာကာ အထုတ် ခံရတာကြောင့် လက်ကျန်ပွဲချိန်တွေကို ၁၀ ယောက်ထဲနဲ့ ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ် ။

 

အာဆင်နယ် အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် လီဗာပူး အသင်းကို အကောင်းဆုံး အန်တု နိုင်ခဲ့ပြီး အဝေးကွင်းမှာ သရေရလဒ် ရယူ နိုင်ခဲ့ပါတယ် ။ ရှာကာ ဟာ ဒီရာသီ သူ့ရဲ့ ဒုတိယမြောက် အနီကဒ် ရရှိ ခဲ့တာ ဖြစ်ပြီး အာဆင်နယ် ကစားသမား ဘဝ တစ်လျှောက် ၅ ကြိမ်မြောက် အနီကဒ် ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ ဟာ ရှာကာ ရဲ့ အနီကဒ် ပြစ်ဒဏ် ကို ပြန်မကြည့်ရသေးပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးသွား ခဲ့ပါတယ် ။ ” ကျွန်တော် သေချာ ပြန်မကြည့်ရသေးပါဘူး ၊ သူတို့တော့ စစ်ဆေး ပြီးကြပါပြီ ၊ ဒါကြောင့် အနီကဒ် က ဖြစ်သင့်တယ်ပဲ ပြောရမှာပါ ။ ”

” ကျွန်တော်တို့ တစ်ယောက်လျော့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင် ကစား နိုင်ခဲ့ပါတယ် ။ ကစားသမားတွေကလည်း တိုက်ပွဲဝင် စိတ်ဓတ်၊ညီအစ်ကို စိတ်ဓတ် နဲ့ ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားမှုတွေကို ပြသ ခဲ့ပါတယ် ၊ ခင်ဗျားတို့လည်း ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ ပုံစံကို တွေ့လိုက်ကြမှာပါ ။ ”

” ကောင်လေးတွေကို ချီးကျူး ဂုဏ်ပြု ချင်ပါတယ် ။ အနီကဒ် ကြောင့် သူတို့တစ်တွေ ခုလို ကစားနိုင်ကြတာလား ဆိုတာတော့ မသိပါဘူး ၊ ဒါပေမယ့် သူတို့ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစား ခဲ့ကြပါတယ် ၊ အဲ့ဒီလို အခြေအနေမျိုးမှာ အသင်းအတွက် ပေးဆပ် ကစားချင်တဲ့ စိတ်မျိုး ရှိဖို့ လိုအပ်ပြီး ကျွန်တော့် ကစားသမားတွေ လုပ်နိုင်ခဲ့ကြပါတယ် ။ ”

” ကျွန်တော် တို့ အသင်းမှာ ရှိနေတဲ့ ကစားသမား လူစာရင်းအရ ကွင်းလယ်လူ ဘယ်သူမှ မရှိတော့ပါဘူး ။ အတော်လေး ခက်ခဲ ရှုပ်ထွေးတယ် ဆိုရမှာပါ ။ လာမယ့်ပွဲက ဒါဘီ ပွဲ ဖြစ်တာကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ စိတ်အားတက်ကြွမှု ရှိရှိနဲ့ ကစားရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ကတော့ သူ့ရဲ့အင်စတာဂရမ် အကောင့်ကနေ ခုလို တောင်းပန် သွားခဲ့ပါတယ် ။ ” ကျွန်တော် အားလုံးကို တောင်းပန် စကား ဆိုချင်ပါတယ် ၊ ကျွန်တော့် အသင်းအတွက် သိပ်ဂုဏ်ယူပါတယ် ၊ ဒီညပွဲမှာ Clean-Sheet ရဖို့ အတွက် အသင်းသားတွေရဲ့ကြိုးပမ်း အားထုတ်မှု နဲ့ တိုက်ပွဲဝင် စိတ်ဓတ်အတွက်လည်း သိပ်ဂုဏ်ယူရပါတယ် ။ ” လို့ ရေးသား တောင်းပန် ခဲ့ပါတယ် ။

SM