လီဗာပူး နဲ့ ဆေးစစ်မှု လုပ်ငန်းစဉ် တစ်ချို့ကို အောင်အောင်မြင်မြင် လုပ်ဆောင်ထားနိုင်ပြီ ဖြစ်တဲ့ လူးဝစ် ဒီယက်ဇ်

လီဗာပူး ဟာ ပေါ်တို အသင်းရဲ့ အသက် 25 နှစ် အရွယ် ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ် ဒီယက်ဇ် ကို တရားဝင် ပေးချေမှု ပေါင် သန်း 37.5 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ နောက်ထပ် ပေးချေမှု ပေါင် 12.5 သန်း နဲ့ ခေါ်ယူဖို့ အရမ်း နီးစပ်နေပြီ ဖြစ်ပါတယ်။

ဒီ အပြောင်းအရွှေ့ကို မကြာခင်မှာ မိုက်ကယ် အက်ဒ်ဝပ် ဆီကနေ လွှဲပြောင်း ရယူတော့မယ့် လက်ထောက် အားကစားဒါရိုတ်တာ ဂျူလီယံ ဝါ့ဒ် က ဦးဆောင် လှုပ်ရှားနေတာ ဖြစ်ပြီး ၊ သူ့ ရဲ့ လက်ထက် မှာ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

လီဗာပူး ဟာ လက်ငင်းပေးချေမှု အဖြစ် ပေါင် 12.5 သန်း ပေးရမှာ ဖြစ်ကာ ၊ 2023 ခုနှစ်မှာ နောက်ထပ် ပေါင် 12.5 သန်း ၊ 2024 ခုနှစ် မှာ လက်ကျန် ပေါင် 12.5 သန်း ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း အသားတင် ပေးချေရမယ့် ပေါင် 37.5 သန်း ကို ၊ 2 နှစ်ခွဲ အတွင်း 3 ကြိမ် အရစ်ကျ ပေးချေမှု သဘောတူညီမှု ရယူနိုင်ခဲ့တာလို့ ပြောလို့ ရပါတယ်။

လောလောဆယ် ကစားသမား ဟာ ကိုလံဘီယာ အသင်းနဲ့ အတူ လက်ရွေးစင် တာဝန်တွေ ရှိနေတာကြောင့် ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ လာရောက်နိုင်မှာ မဟုတ်လို့ ၊ လီဗာပူး ဘက်က ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ထားပါတယ်။

အသင်း ဆရာဝန် ဂျင် မိုဇွန် နဲ့ Loan Management Director ဒေးဗစ် ဝုဖိုင်း တို့ဟာ လက်ရှိမှာ အာဂျင်တီးနား ကို ရောက်ရှိနေပြီး ၊ ဒီယက်ဇ် ကို ဆေးစစ်မှု လုပ်ဆောင်ရမယ့် အပိုင်းတွေကို တာဝန်ယူလျှက် ရှိနေပါတယ်။

ဒီယက်ဇ် ဟာ လက်ရွေးစင် အသင်း နဲ့ ပြင်ဆင် လေ့ကျင့်မှုတွေလဲ လုပ်ဆောင်နေရတာမို့ ၊ ဆေးစစ်မှု ခံယူတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို တကြိမ်တည်း ခံယူ စမ်းသပ်ဖို့ လုံလောက်တဲ့ အချိန် မရှိဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း မှာ ဆေးစစ်မှု ပထမပိုင်း ကို မနေ့ညကပဲ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

လီဗာပူး ဘက်ကတော့ အပြောင်းအရွှေ့ မပိတ်သိမ်းမီ လုပ်ငန်းစဉ်တွေ အားလုံးကို အပြီးသတ် လုပ်ဆောင်ဖို့ အရှိန်မြင့်နေပြီး ၊ တရားဝင် အပြီးသတ် ခေါ်ယူနိုင်ကြောင်းလဲ ကြေငြာသွားဖွယ် ရှိနေပါတယ်။ သို့သော် ကစားသမား ဟာ ဗီဇာ အခက်ခဲ တစ်ချို့ ရှိနေတယ်လို့ သတင်းထွက်နေတာကြောင့် လီဗာပူး ဆီကို ရှေ့တစ်ပတ်ထဲရောက်မှ လာရောက် ပူးပေါင်းနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့် ရပါတယ်။

လီဗာပူး ဟာ သူ့ကို တစ်ပတ် လုပ်ခ ပေါင် 90000 ဝန်းကျင် နဲ့ 2027 ခုနှစ် အထိ စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။

ဒီယက်ဇ် ဟာ လီဗာပူး ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် မချမီ ပရီးမီးယားလိဂ် မှာ ကစားခဲ့ဖူးတဲ့ ကိုလံဘီယာ စီနီယာ ကစားသမားကြီးတွေ ဖြစ်တဲ့ ဖယ်ကာအို ၊ ဟားမက် ရိုဒရီဂွက် တို့နဲ့လဲ တိုင်ပင်ခဲ့တယ်လို့ သိရပြီး ၊ နှစ်ယောက် စလုံးက လီဗာပူး ကို ရွေးချယ်ဖို့ ထောက်ခံချက် အပြည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လီဗာပူး ဟာ အိုရီဂီ ၊ မီနာမီနို တို့ နှစ်ယောက် အတွက် ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားကာ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရမယ် ဆိုပါက လက်လွှတ်ပေးဖို့ ပြင်ဆင်ထားပါတယ်။ ဂျပန် တိုက်စစ် ကစားသမား အတွက်တော့ အပြောင်းအရွှေ့ နောက်ဆုံး အချိန်ရောက်မှ လိဒ် ယူနိုက်တက် က ချဉ်းကပ်လာနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဘရန်းဖို့ဒ် အသင်းကလဲ ညာနောက်ခံလူ နီကိုး ဝီလီယံ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။