လီဗာပူး ကစားသမားဟောင်းကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် အသင်း အနေနဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝိုင်နယ်ဒန် ကို ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် နည်းပြ အာတီတာဟာ ကွင်းလယ်လူ အင်အား နည်းပါးနေတာကြောင့် ဒီဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ လုပ်ဆောင် နေကြောင်း ပြောကြား ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အဓိက ကွင်းလယ်လူ သောမက်စ် ပါတေး ကို အာဖရိကနိုင်ငံများဖလားထံ စေလွှတ်ထားရသလို နိုင်းလ်စ် ကိုလည်း ရိုးမား အသင်းထံ အငှားချလိုက်တာကြောင့် ကွင်းလယ်မှာလူအင်အား နည်းပါး နေတာပါ ။

အာဆင်နယ် အသင်း နဲ့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ တစ်ဦးကတော့ ပီအက်စ်ဂျီ အသင်းရဲ့ကွင်းလယ်လူ ဝိုင်နယ်ဒန် ပါ ။ အီယန်ရိုက် ကတော့ နယ်သာလန်သားဟာ အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ထောက်ခံ ပြောကြား လိုက်ပါတယ် ။

ဝိုင်နယ်ဒန် ဟာ လီဗာပူး အသင်းအတွက် ပွဲ ၂၀၀ ကျော် ကစားပေးခဲ့သူ ဖြစ်ပြီး ကြိုးကြာနီ တို့နဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ် ဖလားတွေ ရယူ နိုင်ခဲ့ပါတယ် ။ ဝိုင်နယ်ဒန် ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ လီဗာပူး အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့သွားခဲ့သူပါ ။

ဂန်းနား တိုက်စစ်မှူးဟောင်း အီယန်ရိုက် က The Kelly and Wrighty Show မှာ ” အာဆင်နယ် နဲ့ ချိတ်ဆက်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်နေကြတဲ့ ကစားသမားနာမည်တွေထဲမှာ ဝိုင်နယ်ဒန် နာမည် ကို တွေ့ပါတယ် ။ ”

” သူ့ကိုသာ ခေါ်လိုက်နိုင်ရင် သိပ်ကို ကောင်းမွန် သွားမှာပါ ၊ ပီအက်စ်ဂျီ အသင်းကနေ အငှား စာချုပ် နဲ့ ပေါ့ဗျာ ။ သူ့လို အတွေ့အကြုံရင့် ကွင်းလယ်လူ ၊ ပရီးမီးယားလိဂ် ချန်ပီယံဆုရှင်က လူငယ်ကြယ်ပွင့်တွေနဲ့ လိုကွန်ဂါ ကို ကျိန်းသေပေါက် အထောက်အကူ ပြုနိုင်မှာပါ ။ ”

” သူသာ ရောက်လာခဲ့ရင် အာဆင်နယ် အသင်းက တခြား အသင်းကြီးတွေကို အမှန်တကယ် စိန်ခေါ်ရင်ဆိုင် ကစားနိုင်တဲ့ အသင်းဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM